အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဖာသုဝိဟာရဝဂ်

၉-စာတုဒ္ဒိသသုတ်

၁ဝ၉။ ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်လေးမျက်နှာတို့၌ အပိတ်အပင်မရှိသည်ဖြစ်၍ လှည့်လည်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက်နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’နှင့် ပြည့်စုံ၏။ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍သိက္ခာပုဒ် တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။

အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်ပြည့်စုံ၍ အလုံးစုံ ပြည့်စုံ စင်ကြယ်သော မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်ထား၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။

ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်ဖြင့် ရောင့်ရဲ၏။

မျက်မှောက်၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်ကို ဖြစ်စေတတ်သောရူပါဝစရ ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်လေးမျက်နှာတို့၌ အပိတ်အပင်မရှိသည်ဖြစ်၍ လှည့်လည်ရ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။