အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမဏသညာဝဂ်

၁ဝ-နိဒ္ဓမနီယသုတ်

၁၁ဝ။ ရဟန်းတို့ မှုတ်လွင့်အပ်သော တရားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ မှန်ကန်သော အမြင်ရှိသူအား မှားယွင်းသော အမြင်သည် မှုတ်လွင့်ပြီး ဖြစ်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား မှုတ်လွင့်ပြီး ဖြစ်ကုန်၏။ မှန်ကန်သော အမြင်ဟူသော အကြောင်း ကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ မှန်ကန်သော အကြံအစည်ရှိသူအား မှားယွင်းသော အကြံအစည်သည် မှုတ်လွင့်ပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော စကားရှိသူအား မှားယွင်းသော စကားသည် မှုတ်လွင့်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အလုပ်ရှိသူအား မှားယွင်းသော အလုပ်သည် မှုတ်လွင့်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အသက် မွေးမှုရှိသူအား မှားယွင်းသော အသက်မွေးမှုသည် မှုတ်လွင့်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော လုံ့လရှိသူအား မှားယွင်းသော လုံ့လသည် မှုတ်လွင့်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သတိရှိသူအား မှားယွင်းသော သတိ သည် မှုတ်လွင့်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သမာဓိရှိသူအား မှားယွင်းသော သမာဓိသည် မှုတ်လွင့်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော ဉာဏ်ရှိသူအား မှားယွင်းသော ဉာဏ်သည် မှုတ်လွင့်ပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော လွတ်မြောက်မှုရှိသူအား မှားယွင်းသော လွတ်မြောက်မှုသည် မှုတ်လွင့်ပြီး ဖြစ်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား မှုတ်လွင့်ပြီး ဖြစ်ကုန်၏။ မှန်ကန်သော လွတ်မြောက် မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသည်တို့ကား မှုတ်လွင့်အပ်သော တရားဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။