အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သာဓုဝဂ်

၁-သာဓုသုတ်

၁၇၈။ ရဟန်းတို့ သင်တို့အား “ကောင်းသော တရားကိုလည်းကောင်း၊ မကောင်းသော တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြား ပေအံ့”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ မကောင်းသော တရားဟူသည် အဘယ်နည်း။ အသက်သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ကုန်းချောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားပြောခြင်း၊ ပြိန်ဖျင်းသော စကားပြောခြင်း၊ ရှေးရှုကြံစည်ခြင်း၊ ဖျက်ဆီးလိုခြင်း၊ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မကောင်းသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ ကောင်းသော တရားဟူသည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း၊ ရှေးရှုမကြံစည်ခြင်း၊ မဖျက်ဆီးလိုခြင်း၊ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ကောင်းသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။