အင်္ဂုတ္တရနိကာယ်

၅-အက္ကောသဝဂ်

၂-ပဌမ ဝိဝါဒမူလသုတ်

၄၂။ အသျှင်ဘုရား စကားများမှု၏ အခြေခံ ‘မူလ’တို့သည် အဘယ်မျှတို့ပါနည်းဟု (လျှောက်၏ )။ ဥပါလိ စကားများမှု၏ အခြေခံ ‘မူလ’တို့သည် ဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ — ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို “တရားဟုတ်၏”ဟု ပြကုန်၏၊ တရားဟုတ်သည်ကို “တရား မဟုတ်”ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို “ဝိနည်းဟုတ်၏”ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို “ဝိနည်း မဟုတ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ် သည်ကို “မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ် သည်ကို “မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား လေ့ကျက်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား မလေ့ကျက်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏၊ ဥပါလိ စကားများမှု၏ အခြေခံ ‘မူလ’တို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။