အင်္ဂုတ္တရနိကာယ်

(၁၇) ၇-ကမ္မပထပေယျာလ

၁၆၄—၁၈၃။ ရဟန်းတို့ တရား သုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်၏၊ အဘယ် သုံးမျိုးတို့နည်းဟူမူ— မိမိလည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏၊ သူ့အသက်သတ်ခြင်း၌လည်း အလိုတူ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ထို့အတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မိမိလည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည် စေ၏၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌လည်း အလိုတူ၏။ပ။ (၂)

မိမိလည်း မပေးသည်ကို ခိုးယူလေ့ရှိ၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ခိုးယူခြင်း၌ ဆောက် တည်စေ၏၊ မပေးသည်ကို ခိုးယူခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရာ၌လည်း အလိုတူ၏။ပ။ (၄)

မိမိလည်း ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၌ ဆောက်တည်စေ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၌ အလို တူ၏။ပ။ မိမိလည်း ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားသော အားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၌လည်း အလိုတူ၏။ပ။ (၆)

မိမိလည်း မဟုတ်မမှန်သော စကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်သော စကားကို ပြောခြင်း၌ ဆောက်တည်စေ၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း မဟုတ်မမှန်သော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း မဟုတ်မမှန်သော စကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မဟုတ်မမှန်သော စကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌လည်း အလိုတူ၏။ပ။ (၈)

မိမိလည်း ကုန်းစကားကို ပြော၏၊ သူတစ်ပါးကိုလည်း ကုန်းစကားပြောခြင်း၌ ဆောက်တည်စေ၏၊ ကုန်းစကားကို ပြောခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌လည်း အလိုတူ၏။ပ။ (၁ဝ)

မိမိလည်း ကြမ်းတမ်းသော စကားကို ပြော၏၊ သူတစ်ပါးကိုလည်း ကြမ်းတမ်းသော စကားကို ပြောခြင်း၌ ဆောက်တည်စေ၏။ ကြမ်းတမ်းသော စကားကို ပြောခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌လည်း အလိုတူ၏။ပ။ (၁၂)

မိမိလည်း ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိ၏၊ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကို ပြောခြင်း၌ ဆောက်တည်စေ၏။ ပြိန်ဖျင်းသော စကားကို ပြောခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း ၌လည်း အလိုတူ၏။ပ။ (၁၄)

မိမိလည်း မက်မောခြင်းများ၏၊ သူတစ်ပါးကိုလည်း မက်မောခြင်း၌ ဆောက်တည်စေ၏၊ မက်မောခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း မက်မောခြင်း မများ၊ သူတစ်ပါးကိုလည်း မမက်မောခြင်း၌ ဆောက်တည်စေ၏။ မမက်မောခြင်း၌လည်း အလိုတူ၏။ပ။ (၁၆)

မိမိလည်း ပျက်စီးစေလိုသော စိတ်ရှိ၏၊ သူတစ်ပါးကိုလည်း ပျက်စီးစေလိုခြင်း၌ ဆောက်တည်စေ၏၊ ပျက်စီးစေလိုခြင်း၌လည်း အလိုတူ၏။ပ။ မိမိလည်း သူတစ်ပါးကို ပျက်စီးစေလိုသော စိတ်မရှိ၊ သူတစ်ပါးကိုလည်း ပျက်စီးစေလိုမှု မရှိခြင်း၌ ဆောက်တည်စေ၏၊ ပျက်စီးစေလိုမှု မရှိခြင်း၌ အလိုတူ၏။ပ။ (၁၈)

မိမိလည်း မှားသော အမြင်ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အမြင်၌ ဆောက်တည်စေ၏၊ မှားသော အမြင်၌လည်း အလိုတူ၏။ပ။ မိမိလည်း မှန်သော အမြင်ရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အမြင်၌ ဆောက်တည်စေ၏၊ မှန်သော အမြင်၌လည်း အလိုတူ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ကမ္မပထပေယျာလ ပြီး၏။