အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၈-ဒေဝလောကသုတ်
၁၈။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သင်တို့သည် ရဟန်းဂေါတမအထံဝယ် နတ်ပြည်၌ ဖြစ်ခြင်းအကျိုးငှါ မြတ်သော အကျင့်ကို ကျင့်သုံး သလော”ဟု ဤသို့ အကယ်၍ မေးကုန်ငြားအံ့။ ရဟန်းတို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည် ရှိသော် ငြီးငွေ့ကုန်ရာသည် မဟုတ်လော ရှက်နိုးကုန်ရာသည် မဟုတ်လော စက်ဆုပ်ကုန်ရာသည် မဟုတ် လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားဟုတ်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ သင်တို့သည် နတ်၌ဖြစ်သော အသက်ကို ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် နတ်၌ဖြစ်သော အဆင်း နတ်၌ဖြစ်သော ချမ်းသာ နတ်၌ဖြစ်သော အစိုးရခြင်းကို ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် ရဟန်းတို့ သင်တို့သည် ရှေးဦးကပင်လျှင် ကာယဒုစရိုက်မှ ငြီးငွေ့ရာ၏၊ ရှက်နိုးရာ၏၊ စက်ဆုပ်ရာ၏။ ဝစီဒုစရိုက်မှ။ မနောဒုစရိုက်မှ ငြီးငွေ့ရာ၏၊ ရှက်နိုးရာ၏၊ စက်ဆုပ်ရာ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။