အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၇-ဇိဂုစ္ဆိတဗ္ဗသုတ်

၂၇။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်း တို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။ ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သောသဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် ရှိသူ မဟုတ်ဘဲလျက် မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂ စသော အမှိုက်ရှိ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေ ကာမူ “ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ ့နှံ့၍ ထွက်၏။ ရဟန်းတို့ မစင်တွင်းသို့ ကျသော မြွေသည် ထို ဆယ်သောသူကို အကယ်၍ မကိုက်စေကာမူ မစင်ဖြင့်မူကား လိမ်းကျံစေနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေကာမူ “ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏”ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ (သွေးပြည် အရိအရွဲတို့) ယိုထွက်သကဲ့ သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ လောင်နေဆဲဖြစ်သော တည်သားမီးစသည် သစ်သားစ ဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ ဖြစ်ဖြစ်မြည် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ မစင်တွင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ မကောင်းသော အနံ့ဖြစ်သကဲ့သို့၊ ရဟန်း တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီ ဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့ကို ဆဲရေးမူလည်း ဆဲရေးရာ၏၊ ငါ့ကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ရာ၏၊ ငါ့ကို အကျိုးမဲ့ပြုမူလည်း ပြုရာ၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်း ကပ်ထိုက်။

ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသောသဘောရှိ၏၊ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၏ အတုလိုက်ခြင်းသို့ အကယ်၍ မရောက် စေကာမူ “ဤပုဂ္ဂိုလ်သည် ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ကောင်းသော အပေါင်းအဖော်ရှိ၏၊ ကောင်းသော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏”ဟု ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည် ပျံ ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏၊ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလ စသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံတစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလစသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလ စသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်ရာ၏။

သတ္တမသုတ်။