အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၅-နိဗ္ဗုတသုတ်

၅၆။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက်သော နိဗ္ဗာန်, ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်ဟု ဆို၏၊ အသျှင်ဂေါတမ အဘယ်မျှဖြင့် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်ပါ သနည်း၊ အခါမလင့် အကျိုးကို ပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ့ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထား ထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း”ဟု (လျှောက်၏)။

ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံး မသာခြင်းကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။

ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသူသည် မောဟ နှိပ်စက် ဖိစီးအပ်သည် ဖြစ်၍ မောဟဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လည်း နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ ပုဏ္ဏား ဤသူသည် အကြွင်းမဲ့ ရာဂကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏။ အကြွင်းမဲ့ ဒေါသကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏၊ အကြွင်းမဲ့ မောဟကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏၊ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင် ထိုက်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏။ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (ဟောတော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ပဉ္စမသုတ်။