အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-လောဏကပလ္လဝဂ်
၂-ပဝိဝေကသုတ်
၉၄။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤ(ကိလေသာတို့မှ) ကင်းဆိတ်ခြင်း သုံးမျိုးတို့ကို ပညတ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သင်္ကန်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်း၊ ဆွမ်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်း၊ ကျောင်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းတို့တည်း။
ရဟန်းတို့ ထို သုံးမျိုးတို့တွင် သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော သင်္ကန်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏၊ ပိုက်ဆံလျှော် အဝတ်တို့ကို သော်လည်း ဆောင်ကုန်၏၊ ပိုက်ဆံလျှော်ဖြင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ သူသေကောင် အဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဆောင်ကုန်၏၊ သစ်နက်ရေကိုသော်လည်း ဆောင်ကုန်၏၊ ခွါနှင့်တကွ သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ သမန်းမြက်အဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ လျှော်တေအဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ ပျဉ်ချပ်အဝတ်ကိုသော်လည်း ဆောင်ကုန်၏၊ လူ့ဆံပင်တို့ဖြင့် ရက်သော ကမ္ဗလာကိုသော်လည်း ဆောင်ကုန်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဆောင်ကုန်၏၊ ခင်ပုပ်ငှက်တောင် အဝတ်ကိုသော်လည်း ဆောင်ကုန်၏။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့သဘောရှိသော သင်္ကန်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏။
ရဟန်းတို့ ထို သုံးမျိုးတို့တွင် သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ဆွမ်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏၊ ဟင်းရွက်စိမ်းကိုသော်လည်း စားကုန်၏၊ ပြောင်းဆန်စိမ်းကိုသော်လည်း စားကုန်၏၊ ကျိတ်သီးဆန်ကိုသော်လည်း စားကုန်၏၊ သားရေ အစအနကိုသော်လည်း စားကုန်၏၊ မှော်ကိုသော်လည်း စားကုန်၏၊ ဆန်ကွဲကိုသော်လည်း စားကုန်၏၊ ထမင်းချိုးကိုသော်လည်း စားကုန်၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စားကုန်၏၊ မြက်ကိုသော်လည်း စား ကုန်၏၊ နွားချေးကိုသော်လည်း စားကုန်၏၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကို စားလျက် မျှတကုန်၏။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ဆွမ်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏။
ရဟန်းတို့ ထို သုံးမျိုးတို့တွင် သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ကျောင်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏၊ တော သစ်ပင်ရင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံ ကောက်ရိုးအုံတို့ကို ပညတ်ကြကုန်၏။ ရဟန်းတို့ သာသနာ တော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤသို့ သဘောရှိသော ကျောင်းကို မှီ၍ ဖြစ်သော ကင်းဆိတ်ခြင်းကို ပညတ်ကုန်၏။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် ဤကင်းဆိတ်ခြင်းသုံးမျိုးတို့ကို ပညတ်ကုန်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း၏ (ကိလေသာတို့မှ) ကင်းဆိတ်ခြင်းတို့သည် သုံးမျိုးတို့ ပေတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား သီလမရှိခြင်းကိုလည်း ပယ်အပ်၏၊ ထို သီလမရှိခြင်းမှလည်း ကင်းဆိတ်၏။ မှန်သော မြင်ခြင်းလည်း ရှိ၏၊ ထိုရဟန်းအား မှားသော မြင်ခြင်းကိုလည်း ပယ်အပ်၏၊ ထိုမှားသော အမြင်မှလည်း ကင်းဆိတ်၏။ ကုန်ပြီးသော အာသဝေါတရားလည်း ရှိ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ကိုလည်း ပယ်အပ်ကုန်၏၊ ထို အာသဝေါတရားတို့မှလည်း ကင်းဆိတ်၏။
ရဟန်းတို့ အကြင် အကြောင်းကြောင့် ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား သီလ မရှိခြင်းကိုလည်း ပယ်အပ်၏၊ ထို သီလမရှိခြင်းမှလည်း ကင်းဆိတ်၏။ ကောင်းသော မြင်ခြင်းလည်း ရှိ၏၊ ထိုရဟန်းအား မှားသော မြင်ခြင်းကိုလည်း ပယ်အပ်၏၊ ထိုမှားသော မြင်ခြင်းမှလည်း ကင်းဆိတ်၏။ ကုန်ပြီးသော အာသဝေါတရားလည်း ရှိ၏၊ ထိုရဟန်းအား အာသဝေါတရားတို့ကိုလည်း ပယ်အပ်ကုန်၏၊ ထို အာသဝေါတရားတို့မှလည်း ကင်းဆိတ်၏။ ရဟန်းတို့ ထို့ကြောင့် ဤရဟန်းကို (သီလဟူသော)့အမြတ်သို့ ရောက်သူ၊ (သီလဟူသော) အနှစ်သို့ ရောက်သူ၊ စင်ကြယ်သူ၊ (သီလ သမာဓိ ပညာဟူသော ဂုဏ်) အနှစ်၌ တည်သူဟု ဆိုအပ်၏။
ရဟန်းတို့ အိမ်ရှင်ယောကျာ်း လယ်သမား၏ သလေးစပါးခင်းသည် ပြည့်စုံ၏၊ ထို သလေး စပါးခင်းကို အိမ်ရှင်ယောကျာ်း လယ်သမားသည် လျင်လျင် မြန်မြန် ရိတ်စေရာ၏၊ လျင်လျင် မြန်မြန် ရိတ်စေပြီး၍ လျင်လျင် မြန်မြန် စုရုံးစေရာ၏၊ လျင်လျင် မြန်မြန် စုရုံးစေပြီး၍ လျင်လျင် မြန်မြန် တိုက် စေရာ၏၊ လျင်လျင် မြန်မြန် တိုက်စေပြီး၍ လျင်လျင် မြန်မြန် စုပုံစေရာ၏၊ လျင်လျင် မြန်မြန် အစုအပုံ ပြုစေပြီး၍ လျင်လျင် မြန်မြန် နယ်စေရာ၏၊ လျင်လျင် မြန်မြန် နယ်စေပြီး၍ လျင်လျင် မြန်မြန် လှေ့စေရာ၏၊ လျင်လျင် မြန်မြန် လှေ့စေပြီး၍ လျင်လျင် မြန်မြန် ထောင်းထုစေရာ၏၊ လျင်လျင် မြန်မြန် ထောင်းထုစေပြီး၍ လျင်လျင် မြန်မြန် ဖွဲတို့ကို လွှင့်ထုတ်စေရာ၏။ ရဟန်းတို့ ဤသို့ ပြုသည်ရှိသော် အိမ်ရှင်ယောကျာ်း လယ်သမား၏ စပါးတို့သည် (ဆန်ဟူသော) အမြတ်သို့ ရောက်ကုန်၏၊ (ဆန်ဟူသော) အနှစ်သို့ ရောက်ကုန်၏၊ စင်ကြယ်ကုန်၏၊ (ဆန်ဟူသော) အနှစ်၌ တည်ကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် အကြင် အကြောင်းကြောင့် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်း အား သီလမရှိခြင်းကိုလည်း ပယ်အပ်၏၊ ထို သီလမရှိခြင်းမှလည်း ကင်းဆိတ်၏။ ကောင်းသော မြင်ခြင်းသည် ရှိ၏၊ ထိုရဟန်းအား မှားသော မြင်ခြင်းကိုလည်း ပယ်အပ်၏၊ ထိုမှားသော အမြင်မှလည်း ကင်း ဆိတ်၏။ ကုန်ပြီးသော အာသဝေါတရားလည်း ရှိ၏၊ ထိုရဟန်းအား အာသဝေါတရားတို့ကိုလည်း ပယ်အပ်ပြီး ဖြစ်ကုန်၏၊ ထို အာသဝေါတရားတို့မှလည်း ကင်းဆိတ်၏။ ရဟန်းတို့ ထို့ကြောင့် ဤရဟန်း ကို (သီလဟူသော) အမြတ်သို့ ရောက်သူ၊ (သီလဟူသော) အနှစ်သို့ ရောက်သူ၊ စင်ကြယ်သူ၊ (သီလ သမာဓိ ပညာဟူသောဂုဏ်) အနှစ်၌ တည်သူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။