အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ဣန္ဒြိယဝဂ်

၈-ပရိဟာနိသုတ်

၁၅၈။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်၏။ ထိုရဟန်းတို့သည် “ငါ့သျှင်”ဟူ၍ အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ကြကုန်၏။ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်ဆို၏—

ငါ့သျှင်တို့ မည်သည့် ရဟန်းယောကျာ်း ရဟန်းမိန်းမမဆိုတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်၏ဟု ဆုံးဖြတ်ရမည်၊ ဤအကြောင်းလေးမျိုးကို ဆုတ်ယုတ်ကြောင်းဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရာဂများပြားခြင်း၊ ဒေါသများပြားခြင်း၊ မောဟများပြားခြင်း၊ နက်နဲကုန်သော အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ ထို ပုဂ္ဂိုလ်၏ ပညာမျက်စိသည် မသက်ဝင်နိုင်ခြင်းတို့တည်း။ ငါ့သျှင်တို့ မည်သည့် ရဟန်းယောကျာ်း ရဟန်းမိန်းမမဆို ဤတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်၏ဟု ဆုံးဖြတ်ရမည်၊ ဤအကြောင်း လေးမျိုးတို့ကို ဆုတ်ယုတ်ကြောင်းဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။

ငါ့သျှင်တို့ မည်သည့် ရဟန်းယောကျာ်း ရဟန်းမိန်းမမဆိုတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ဟု ဆုံးဖြတ်ရမည်၊ ဤအကြောင်းလေးမျိုးကို မဆုတ်ယုတ်ကြောင်းဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရာဂနည်းပါးခြင်း၊ ဒေါသနည်းပါးခြင်း၊ မောဟနည်းပါးခြင်း၊ နက်နဲကုန်သော အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ ထို ပုဂ္ဂိုလ်၏ ပညာမျက်စိသည် သက်ဝင်နိုင်ခြင်းတို့တည်း။ ငါ့သျှင်တို့ မည်သည့် ရဟန်းယောကျာ်း ရဟန်းမိန်းမမဆို ဤတရားလေးမျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ပေဟု ဆုံးဖြတ်ရမည်၊ ဤအကြောင်းလေးမျိုးတို့ကို မဆုတ်ယုတ်ကြောင်းဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

အဋ္ဌမသုတ်။