အင်္ဂုတ္တရနိကာယ်
(၁၆) ၁-ဣန္ဒြိယဝဂ်
၁ဝ-သုဂတဝိနယသုတ်
၁၆ဝ။ ရဟန်းတို့ မြတ်စွာဘုရားဖြစ်စေ မြတ်စွာဘုရား၏ အဆုံးအမဖြစ်စေ လောက၌ တည်လတ် သော် ထိုသို့ တည်ခြင်းသည် လူအများ၏ အစီးအပွါးအလို့ငှါ လူအများ၏ ချမ်းသာအလို့ငှါ သတ္တဝါ အပေါင်းကို အစဉ်စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။
ရဟန်းတို့ မြတ်စွာဘုရားဟူသည် အဘယ်နည်းဟူမူ— ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ရဟန်းတို့ မြတ်စွာဘုရားဟူသည် ဤသည်ပင်တည်း။ ိံရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမဟူသည် အဘယ်နည်းဟူမူ— ထို မြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမဟူသည် ဤသည်ပင်တည်း။ ရဟန်းတို့ မြတ်စွာဘုရားဖြစ်စေ မြတ်စွာဘုရား၏ အဆုံးအမဖြစ်စေ လောက၌ တည်လတ်သော် ထိုသို့တည်ခြင်းသည် လူအများ၏ အစီး အပွါးအလို့ငှါ လူအများ၏ ချမ်းသာအလို့ငှါ သတ္တဝါအပေါင်းကို အစဉ်စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။
ရဟန်းတို့ ဤတရားလေးမျိုးတို့သည် သူတော်ကောင်းတရား ပျက်ပြားခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မကောင်းသဖြင့် သင်ယူအပ်သော သုတ်ကို မကောင်းသဖြင့် ထားအပ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ မကောင်းသဖြင့် ထားအပ်သော ပုဒ်ဗျည်း၏ အနက်သည်လည်း သိနိုင်ခဲ၏။ ရဟန်းတို့ ဤပဌမတရားသည် သူတော်ကောင်းတရား၏ ပျက်ပြားခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ပြောဆိုခက်ကုန်၏၊ ပြောဆိုခက်ခြင်းကို ပြုတတ် သော (မာနစသော)တရားတို့နှင့် ပြည့်စုံကုန်၏၊ သွန်သင်သော စကားကိုသည်းမခံနိုင်ကုန်၊ ရိုသေစွာ မနာယူကုန်။ ရဟန်းတို့ ဤဒုတိယတရားသည် သူတော်ကောင်းတရား၏ ပျက်ပြားခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ရဟန်းတို့သည် အကြားအမြင်များကုန်၏၊ ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်၏၊ တရားတော်ကို ဆောင်ကုန်၏၊ ဝိနည်းတော်ကို ဆောင်ကုန်၏၊ ပါတိမောက်ကို ဆောင်ကုန်၏၊ ထိုရဟန်းတို့သည် သုတ်ကို သူတစ်ပါးအား ရိုသေစွာ မပို့ချကုန်၊ ထိုရဟန်းတို့ ကွယ်လွန် သဖြင့်တရားသည် အရင်းမူလ ပြတ်တော့၏၊ တည်ရာ မရှိတော့ပြီ။ ရဟန်းတို့ ဤတတိယတရားသည် သူတော်ကောင်းတရား၏ ပျက်ပြားခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား သီတင်းကြီးရဟန်းတို့သည် ပစ္စည်းများခြင်းငှါ ကျင့်ကုန်၏၊ သိက္ခာ သုံးပါး၌ လျော့လျော့ယူကြကုန်၏၊ အောက်သို့ သက်စေတတ်သော တရားတို့၌ ရှေ့သွားပြုကုန်၏၊ ဆိတ်ငြိမ်ခြင်း (ဝိဝေကသုံးပါး) ၌ တာဝန်မဲ့ဖြစ်ကုန်၏၊ မရောက်သေးသော (ဈာန် မဂ် ဖိုလ်) သို့ ရောက် ရန် မရသေးသော (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက် မပြုရသေးသော (နိဗ္ဗာန်) ကို မျက်မှောက် ပြုရန် လုံ့လ မထုတ်ကုန်။ နောင်လာနောက်သားတို့သည် ထို သီတင်းကြီးတို့၏ အပြုအမူသို့ အစဉ်လိုက် ကုန်၏၊ နောင်လာနောက်သားတို့သည်လည်း ပစ္စည်းများခြင်းငှါ ကျင့်ကုန်၏၊ (သိက္ခာသုံးပါး၌) လျော့လျော့ ယူကုန်၏၊ အောက်သို့ သက်စေတတ်သော တရားကို ဖြည့်ခြင်း၌ ရှေ့သွားဖြစ်ကုန်၏၊ ဆိတ်ငြိမ်ခြင်း (ဝိဝေကသုံးပါး) ၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ မရောက်သေးသော (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသော (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက် မပြုရသေးသော (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လ မထုတ်ကုန်။ ရဟန်းတို့ ဤစတုတ္ထတရားသည် သူတော်ကောင်းတရား၏ ပျက်ပြားခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့သည် သူတော်ကောင်းတရား၏ ပျက်ပြားခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။
ရဟန်းတို့ ဤတရားလေးမျိုးတို့သည် သူတော်ကောင်းတရား၏ တည်ခြင်းငှါ မပျက်ပြားခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကောင်းစွာ သင်ယူအပ်သော သုတ်ကို ကောင်းစွာ ထားအပ်သော ပုဒ်ဗျည်းတို့ဖြင့် သင်ကြား ကုန်၏၊ ရဟန်းတို့ ကောင်းစွာ ထားအပ်သော ပုဒ်ဗျည်း၏ အနက်သည်လည်း သိလွယ်၏။ ရဟန်းတို့ ဤပဌမတရားသည် သူတော်ကောင်းတရား၏ တည်ခြင်းငှါ မပျက်ပြားခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်သည်ကို ပြုတတ် ကုန်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သွန်သင်သော စကားကိုသည်းခံနိုင်ကုန်၏၊ ရိုသေစွာ နာယူ ကုန်၏။ ရဟန်းတို့ ဤဒုတိယတရားသည် သူတော်ကောင်းတရား၏ တည်ခြင်းငှါ မပျက်ပြားခြင်းငှါ မကွယ် ပျောက်ခြင်းငှါ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ရဟန်းတို့သည် အကြားအမြင်များကုန်၏၊ ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်၏၊ တရားတော်ကို ဆောင်ကုန်၏၊ ဝိနည်းတော်ကို ဆောင်ကုန်၏၊ ပါတိမောက်ကို ဆောင်ကုန်၏၊ ထိုရဟန်းတို့သည် သုတ်ကို သူတစ်ပါးအား ရိုသေစွာ ပို့ချကုန်၏၊ ထိုရဟန်းတို့ ကွယ်လွန်သဖြင့် သုတ္တန်သည် အရင်းမူလမပြတ်၊ (ဗဟုသုတရှိသော ရဟန်းဟူသော) တည်ရာ ရှိ၏။ ရဟန်းတို့ ဤတတိယတရားသည် သူတော်ကောင်းတရား၏ တည်ခြင်းငှါ မပျက်ပြားခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား သီတင်းကြီးရဟန်းတို့သည် ပစ္စည်းများခြင်းငှါ မကျင့်ကုန်၊ သိက္ခာ သုံးပါး၌ လျော့လျော့ မယူကုန်၊ အောက်သို့ သက်စေတတ်သော တရားတို့ကို ဖြည့်ခြင်း၌ ရှေ့သွား့မဖြစ်ကုန်၊ ဆိတ်ငြိမ်ခြင်း (ဝိဝေကသုံးပါး) ၌ တာဝန်မဲ့မဖြစ်ကုန်၊ မရောက်သေးသော (ဈာန် မဂ် ဖိုလ်သို့) ရောက်ရန် မရသေးသော (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသော (နိဗ္ဗာန်) ကို မျက်မှောက် ပြုရန် လုံ့လထုတ်ကုန်၏၊ နောင်လာနောက်သားတို့သည် ထို သီတင်းကြီးတို့၏ အမူအရာသို့ အတုလိုက် ကုန်၏၊ ထို နောင်လာနောက်သားတို့သည်လည်း ပစ္စည်းများခြင်းငှါ မကျင့်ကုန်၊ (သိက္ခာသုံးပါး၌) လျော့လျော့ မယူကုန်၊ အောက်သို့ သက်စေတတ်သော တရားကို ဖြည့်ခြင်း၌ ရှေ့သွားမဖြစ်ကုန်၊ ဆိတ်ငြိမ်ခြင်း (ဝိဝေကသုံးပါး) ၌ တာဝန်မဲ့ မဖြစ်ကုန်၊ မရောက်သေးသော (ဈာန် မဂ် ဖိုလ်)သို့ ရောက်ရန် မရသေးသော (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသော (နိဗ္ဗာန်)ကို မျက်မှောက်ပြုရန် လုံ့လထုတ်ကုန်၏။ ရဟန်းတို့ ဤစတုတ္ထတရားသည် သူတော်ကောင်းတရား၏တည်ခြင်းငှါ မပျက်ပြားခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့သည် သူတော်ကောင်းတရား၏ တည်ခြင်းငှါ မပျက်ပြားခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော ဣန္ဒြိယဝဂ် ပြီး၏။