အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ပဋိပဒါဝဂ်

၆-ဥဘယသုတ်

၁၆၆။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။

ရဟန်းတို့ ထို အကျင့်လေးမျိုးတို့တွင် အကြင် အကျင့်သည် ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိ၏၊ ရဟန်းတို့ ဤအကျင့်ကို နှစ်ပါးစုံဖြင့်ပင် ယုတ်ညံ့၏ဟု ဆိုအပ်၏။ ဤအကျင့်ကို ဆင်းရဲ ငြိုငြင်စွာ ကျင့်ရသောကြောင့်လည်း ယုတ်ညံ့၏ဟု ဆိုအပ်၏။ ဤအကျင့်ကို နုံ့နှေးသော အသိဉာဏ် ရှိသောကြောင့်လည်း ယုတ်ညံ့၏ဟု ဆိုအပ်၏။ ရဟန်းတို့ ဤအကျင့်ကို နှစ်ပါးစုံသော အကြောင်းဖြင့်ပင် ယုတ်ညံ့၏ဟု ဆိုအပ်၏။

ရဟန်းတို့ ထို လေးပါးသော အကျင့်တို့တွင် အကြင် အကျင့်သည် ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန် သော အသိဉာဏ်ရှိ၏၊ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲခြင်းကြောင့် ယုတ်ညံ့၏ဟု ဆိုအပ်၏။

ရဟန်းတို့ ထို လေးပါးသော အကျင့်တို့တွင် အကြင် အကျင့်သည် ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိ၏၊ ရဟန်းတို့ ဤအကျင့်ကို နုံ့နှေးသော အသိဉာဏ်ရှိသောကြောင့် ယုတ်ညံ့၏ဟု ဆိုအပ်၏။

ရဟန်းတို့ ထို လေးပါးသော အကျင့်တို့တွင် အကြင် အကျင့်သည် ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိ၏၊ ရဟန်းတို့ ဤအကျင့်ကို နှစ်ပါးစုံဖြင့်လည်း မြတ်၏ဟု ဆိုအပ်၏။ ဤအကျင့်ကို ချမ်းသာစွာ ကျင့်ရသောကြောင့်လည်း မြတ်၏ဟု ဆိုအပ်၏။ ဤအကျင့်ကို လျင်မြန်သော အသိဉာဏ်ရှိသောကြောင့်လည်း မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ဤအကျင့်ကို နှစ်ပါးစုံသော အကြောင်း ဖြင့်လည်း မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။