အင်္ဂုတ္တရနိကာယ်

(၁၉) ၄-ဗြာဟ္မဏဝဂ်

၄-အဘယသုတ်

၁၈၄။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဂေါတမ “သေခြင်းသဘောရှိသည် ဖြစ်ပါလျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူမည်သည် မရှိနိုင်”ဟု အကျွန်ုပ် ဤသို့ ဝါဒရှိပါသည် ဤသို့ အယူရှိပါသည်ဟု (လျှောက်၏)။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူလည်း ရှိ၏။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူလည်း ရှိ၏။

ပုဏ္ဏား သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် ကာမဂုဏ်တို့၌ မကင်းသော ရာဂ ရှိ၏၊ မကင်းသော ဆန္ဒရှိ၏၊ မကင်းသော ချစ်မြတ်နိုးခြင်းရှိ၏၊ မကင်းသော မွတ်သိပ်ခြင်းရှိ၏၊ မကင်းသော ပူပန်ခြင်းရှိ၏၊ မကင်းသော တဏှာ ရှိ၏၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုးကျ ရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သူအား “ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့သည် ငါ့ကို ဧကန်စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်”ဟု အကြံ ဖြစ်၏။ ထိုသူသည် စိုးရိမ်၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ ပြင်းစွာတွေဝေ့ခြင်းသို့ ရောက်၏။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူဟူသည် ဤသူပင်တည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူသည် ကိုယ်၌ မကင်းသော ရာဂရှိ၏၊ မကင်းသော ဆန္ဒရှိ၏၊ မကင်းသော ချစ်မြတ်နိုးခြင်းရှိ၏၊ မကင်းသော မွတ်သိပ်ခြင်းရှိ၏၊ မကင်းသော ပူပန်ခြင်းရှိ၏၊ မကင်းသော တဏှာရှိ၏၊ ထိုသူသို့ ပြင်းပြသောရောဂါ အနာတစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာတစ်မျိုးမျိုး ကျရောက်သူအား “ချစ်ခင်ဖွယ်ရာ ကိုယ်သည် ငါ့ကို ဧကန်စွန့်လိမ့် မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်”ဟု အကြံဖြစ်၏။ ထိုသူသည် စိုးရိမ်၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏။ ပုဏ္ဏား သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူဟူသည် ဤသူပင်တည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူသည် ကောင်းမှုကို မပြုရသေး၊ ကုသိုလ်ကို မပြုရသေး၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို မပြုရသေး၊ မကောင်းမှုကို ပြုပြီးဖြစ်နေ၏၊ ကြမ်းကြုတ်မှုကို ပြုပြီးဖြစ်နေ၏၊ ညစ်နွမ်းမှု (အကုသိုလ်) ကို ပြုပြီးဖြစ်နေ၏၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သူအား “ငါသည် ကောင်းမှုကို မပြုမိလေစွတကား၊ ကုသိုလ်ကို မပြုမိလေစွတကား၊ ကြောက်မက်ဖွယ်မှ တားမြစ် ရေးကို မပြုမိလေစွတကား၊ မကောင်းမှုကို ပြုမိခဲ့ပြီတကား၊ ကြမ်းကြုတ်မှုကို ပြုမိခဲ့ပြီတကား၊ ညစ်နွမ်းမှုကို ပြုမိခဲ့ပြီတကား၊ အချင်းတို့ ကောင်းမှုကို မပြုရသေးသော ကုသိုလ်ကို မပြုရသေးသော ကြောက်မက် ဖွယ်မှ တားမြစ်ရေးကို မပြုရသေးသော မကောင်းမှုကို ပြုပြီးဖြစ်နေသော ကြမ်းကြုတ်မှုကို ပြုပြီး ဖြစ်နေသော ညစ်နွမ်းမှုကို ပြုပြီးဖြစ်နေသော ပုဂ္ဂိုလ်တို့၏ လားရာ ‘ဂတိ’ဟူသမျှသို့ ဘဝနောင်အခါ ငါ လားရတော့အံ့တကား”ဟု ဤသို့ အကြံဖြစ်၏။ ထိုသူသည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏။ ပုဏ္ဏား သေခြင်း သဘောရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူဟူသည် ဤသူပင်တည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူသည် သူတော်ကောင်းတရား၌ ယုံမှား၏၊ မဝေခွဲနိုင်၊ ဆုံးဖြတ်ခြင်းသို့ မရောက်နိုင်၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သူအား “စင်စစ် ငါသည် သူတော်ကောင်းတရား၌ ယုံမှားခဲ့စွတကား၊ မဝေခွဲနိုင်ခဲ့စွတကား၊ မဆုံးဖြတ်နိုင်ခဲ့စွတကား”ဟု အကြံဖြစ်၏။ ထိုသူသည် စိုးရိမ်၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏။ ပုဏ္ဏား သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော သူတို့သည် ဤလေးမျိုးတို့တည်း။

ပုဏ္ဏား သေခြင်းသဘော ရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက် သော သူဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏၊ ဆန္ဒကင်း၏၊ ချစ်မြတ်နိုးခြင်း ကင်း၏၊ မွတ်သိပ်ခြင်း ကင်း၏၊ ပူပန်ခြင်း ကင်း၏၊ တဏှာကင်း၏၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သူအား “ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့သည် ငါ့ကို ဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်”ဟု အကြံမဖြစ်။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား သေခြင်းသဘော့ရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူသည် ကိုယ်၌ ရာဂကင်း၏၊ ဆန္ဒကင်း၏၊ ချစ်မြတ်နိုးခြင်း ကင်း၏၊ မွတ်သိပ်ခြင်း ကင်း၏၊ ပူပန်ခြင်း ကင်း၏၊ တဏှာကင်း၏၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက် သူအား “ချစ်ခင်ဖွယ်ရာ ကိုယ်သည် ငါ့ကို ဧကန် စွန့်လိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်”ဟု အကြံမဖြစ်။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူသည် မကောင်းမှုကို မပြု၊ ကြမ်း ကြုတ်မှုကို မပြု၊ ညစ်နွမ်းမှု (အကုသိုလ်) ကို မပြု၊ ကောင်းမှုကို ပြုပြီးဖြစ်၏၊ ကုသိုလ်ကို ပြုပြီးဖြစ်၏၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သူအား “ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက် မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော ကြမ်းကြုတ်မှုကို မပြုသော ညစ်နွမ်းမူကို မပြုသော ကောင်းမှုကို ပြုပြီးသော ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာ ဂတိဟူသမျှသို့ ဘဝနောင်ခါ ငါလားရတော့အံ့ တကား”ဟု အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူသည် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏၊ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်၏၊ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သူအား “ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲ နိုင်၏၊ ဆုံးဖြတ်နိုင်၏”ဟု အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား သေခြင်း သဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော ထိတ်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွတကား၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွတကား။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

စတုတ္ထသုတ်။