အင်္ဂုတ္တရနိကာယ်
၁-ဘဏ္ဍဂါမဝဂ်
၃-ပဌမ ခတသုတ်
၃။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ မကြည်ညို သင့်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။
ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို မပြောဆို၊ (ဉာဏ်ဖြင့်) စိစစ်သက်ဝင်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏၊ (ဉာဏ်ဖြင့်) စိစစ်သက်ဝင်၍ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုမှုကို့ဖြစ်စေ၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏ဟု (မိန့်တော်မူ၏)။
အကြင်သူသည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ အကြင်သူသည်လည်း ချီးမွမ်းထိုက် သူကို ကဲ့ရဲ့၏၊ ထိုသူသည် နှုတ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထို အပြစ်ကြောင့် ချမ်းသာကို မရနိုင်။ အကြင်သူသည် ကြွေအန်လောင်းတမ်း ကစားရာတို့၌ မိမိကိုယ်နှင့် တကွ ဥစ္စာပစ္စည်းအားလုံး ဆုံးရှုံး၏၊ ထိုသူ၏ ဤဆုံးရှုံးခြင်းသည် အနည်းငယ်မျှသော အပြစ်သာ ဖြစ်၏၊ အကြင်သူသည် ညီညွတ်သော (ဘုရားအစရှိသော အရိယာ သူတော်ကောင်း) ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှား၏၊ ထိုသူ၏ ဤအပြစ်သည်ကား သာလွန်ကြီးလေးသော အပြစ်ဖြစ်၏။ အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲတတ်သော သူသည် နှုတ်မကောင်းမှု စိတ် မကောင်းမှုကို ဆောက်တည်၍ အကြင် ငရဲသို့ ကပ်ရောက်ရ၏၊ ထို ငရဲ၌ တစ်သိန်းသော နိရဗ္ဗုဒ, သုံးဆယ့်ခြောက်ခုသော နိရဗ္ဗုဒ, ငါးခုသော အဗ္ဗုဒ အရေအတွက်တို့ပတ်လုံး ဖြစ်ရလေသတည်း။
တတိယသုတ်။