အင်္ဂုတ္တရနိကာယ်

(၆) ၁-ပုညာဘိသန္ဒဝဂ်

၉-ဘောဇနသုတ်

၅၉။ ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသောသူသည် အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာ တို့ကို ပေးလှူသည် မည်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အသက်ကို ပေးလှူသည် မည်၏၊ အဆင်းကို ပေးလှူသည် မည်၏၊ ချမ်းသာကို ပေးလှူသည် မည်၏၊ ခွန်အားကို ပေးလှူသည် မည်၏။ အသက်ကို ပေးလှူသည် မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏။ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်။ ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန် ဖြစ်၏။ ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသောသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းတတ်ကုန်သော သူတစ်ပါးတို့ ပေးလှူသည်ကိုသာ စားရကုန်သော ပုဂ္ဂိုလ်တို့အား သင့်လျော်သော အခါကာလ၌ ရိုသေစွာ ဘောဇဉ်ကို ပေးလှူ၏၊ ထိုသူသည် အသက်ကိုလည်းကောင်း၊ အဆင်း ကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ဤလေးမျိုးသောအရာတို့ကို ပေးလှူသည် မည်၏။

အသက် အဆင်း ချမ်းသာ ခွန်အားကို ပေးလှူတတ်သူသည် အကြင် အကြင် ဘုံဌာန၌ ဖြစ်၏၊ ထို ထို ဖြစ်လေရာရာ ဘုံဌာန၌ အသက်ရှည်ခြင်းသည်လည်းကောင်း၊ အခြံအရံများခြင်းသည်လည်းကောင်း ဖြစ်ရလေသတည်း။

နဝမသုတ်။