အင်္ဂုတ္တရနိကာယ်

(၇) ၂-ပတ္တကမ္မဝဂ်

၃-ဗြဟ္မသုတ်

၆၃။ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ရဟန်းတို့ “ဗြဟ္မာ”ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ “လက်ဦးဆရာ”ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ “အိမ်ဦးနတ်”ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ “အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ”ဟူသော အမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ အမည်ရခြင်းသည် အဘယ်ကြောင့်နည်းဟူမူ— ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အမိအဖတို့ကို သားသမီးတို့၏ ‘ဗြဟ္မာ’ဟူ၍လည်းကောင်း၊ ‘လက်ဦးဆရာ’ဟူ၍လည်းကောင်း ဆိုထိုက်ကုန်၏၊ ‘အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့’ဟု ဆိုထိုက်ကုန်၏၊ (အမိအဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း၊ အဝတ် အရုံဖြင့်လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာလိမ်းကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့်လည်းကောင်း အရိုအသေပြုလျက် ပူဇော်ရာ၏။ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေသတည်း။

တတိယသုတ်။