အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-အသုရဝဂ်
၂-ပဌမ သမာဓိသုတ်
၉၂။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုကား မရ။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို ရ၏၊ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုကား မရ။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း မရ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ဝိပဿနာ ပညာကိုလည်း မရ။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။