အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-အသုရဝဂ်
၄-တတိယ သမာဓိသုတ်
၉၄။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုကား မရ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို ရ၏၊ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုကား မရ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း မရ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း မရ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ သန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။
ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို ရ၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို မရသောပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ် သော လွန်မြတ်သော ပညာကို ရသော ပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်၍ “ငါ့သျှင် အဘယ်သို့လျှင် သင်္ခါရတရားတို့ကို မှတ်အပ်ကုန်သနည်း၊ သုံးသပ်အပ်ကုန်သနည်း၊ ရှုအပ်ကုန်သနည်း”ဟု ဆိုရာ၏။ ထို ပုဂ္ဂိုလ်အား ထို (ဝိပဿနာပညာကို ရသော) ပုဂ္ဂိုလ်သည် “ငါ့သျှင် သင်္ခါရတရားတို့ကို ဤသို့ မှတ်အပ်ကုန်၏၊ ဤသို့ သုံးသပ်အပ်ကုန်၏၊ ဤသို့ ရှုအပ်ကုန်၏”ဟု မြင်သောအတိုင်း သိသောအတိုင်း ပြောကြား၏၊ ထို ပုဂ္ဂိုလ်သည် နောင်အခါ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင် တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။
ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို ရ၍ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို မရသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုရသော ပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်၍ “ငါ့သျှင် အဘယ်သို့လျှင် စိတ်ကို ကောင်းစွာ ထားအပ်သနည်း၊ အနည်ထိုင်စေအပ်သနည်း၊ တစ်ခုတည်းသော အာရုံရှိသည့်အဖြစ်ကို ပြုအပ်သနည်း၊ ကောင်းစွာ တည်စေ အပ်သနည်း”ဟု ဆိုရာ၏။ ထို ပုဂ္ဂိုလ်အား ထို (စိတ်၏ တည်ကြည်ခြင်းကို ရသော) ပုဂ္ဂိုလ်သည် “ငါ့သျှင် စိတ်ကို ဤသို့ ကောင်းစွာ ထားအပ်၏၊ ဤသို့ အနည်ထိုင်စေအပ်၏၊ ဤသို့ တစ်ခုတည်းသော အာရုံရှိသည့် အဖြစ်ကို ပြုအပ်၏၊ ဤသို့ စိတ်ကို ကောင်းစွာ တည်စေအပ်၏”ဟု သိသောအတိုင်း မြင်သောအတိုင်း ပြောကြား၏။ ထို ပုဂ္ဂိုလ်သည် နောင်အခါ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ် သော ပညာကိုလည်း ရ၏၊ မိမိသန္တာန်၌ စိတ်၏ တည် ကြည်ခြင်းကိုလည်း ရ၏။
ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း မရ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း မရသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ စိတ်၏ တည် ကြည်ခြင်းကိုလည်း ရ၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ဝိပဿနာပညာ ကိုလည်းရသော ပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်၍ “ငါ့သျှင် အဘယ်သို့လျှင် စိတ်ကို ကောင်းစွာ ထားအပ် သနည်း၊ အနည်ထိုင်စေအပ်သနည်း၊ တစ်ခုတည်းသော အာရုံရှိသည့်အဖြစ်ကို ပြုအပ်သနည်း၊ ကောင်းစွာ တည်စေအပ်သနည်း၊ အဘယ်သို့လျှင် သင်္ခါရတရားတို့ကို မှတ်အပ်သနည်း၊ သုံးသပ်အပ်သနည်း၊ ရှုအပ်သနည်း”ဟု ဆိုရာ၏။ ထို ပုဂ္ဂိုလ်အား ထို (စိတ်၏ တည်ကြည်ခြင်းနှင့် ပြည့်စုံသော) ပုဂ္ဂိုလ်သည် “ငါ့သျှင် ဤသို့ စိတ်ကို ကောင်းစွာ ထားအပ်၏၊ ဤသို့ အနည်ထိုင်စေအပ်၏၊ ဤသို့ တစ်ခုတည်းသော အာရုံရှိသည့် အဖြစ်ကို ပြုအပ်၏၊ ဤသို့ စိတ်ကို ကောင်းစွာ တည်စေအပ်၏၊ ဤသို့ သင်္ခါရတရားတို့ကို မှတ်အပ်ကုန်၏၊ ဤသို့ သုံးသပ်အပ်ကုန်၏၊ ဤသို့ ရှုအပ်ကုန်၏”ဟု မြင်သောအတိုင်း သိသောအတိုင်း ပြောကြား၏။ ထို ပုဂ္ဂိုလ်သည် နောင်အခါ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရ၏။
ရဟန်းတို့ ထို ပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုလည်း ရသော ပုဂ္ဂိုလ်သည် ယင်းကုသိုလ်တရားတို့၌ပင် တည်၍ အာသဝေါတရားတို့ကုန်ရန် အတိုင်းထက်အလွန် အားထုတ်ခြင်းကို ပြုအပ်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။