အင်္ဂုတ္တရနိကာယ်

(၁၅) ၅-တိကဏ္ဍကီဝဂ်

၅-နိရယသုတ်

၁၄၅။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ဆိုလေ့ရှိ၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားလေ့ရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ယစ်မူးမေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်၏၊

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။