အင်္ဂုတ္တရနိကာယ်
(၁၆) ၁-သဒ္ဓမ္မဝဂ်
၉-ဥဒါယီသုတ်
၁၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ အသျှင်ဥဒါယီသည် လူပရိသတ် များစွာခြံရံ၍ တရားဟောလျက် နေ၏၊ အသျှင် အာနန္ဒာသည်လူပရိသတ် များစွာခြံရံ၍ တရားဟောနေသော အသျှင်ဥဒါယီကို မြင်သဖြင့် မြတ်စွာဘုရား ထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရားအသျှင်ဥဒါယီသည် လူပရိသတ် များစွာခြံရံလျက် တရားဟောနေပါ၏”ဟု လျှောက်၏။
အာနန္ဒာ သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူ၊ အာနန္ဒာ သူတစ်ပါးတို့အား တရားဟောလိုသူသည် တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
“အစဉ်အတိုင်းဖြစ်သော တရားစကား ‘အနုပုဗ္ဗိကထာ’ ကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။
“(အကျိုးအားလျော်သော) အကြောင်းကို ပြလျက် တရားစကားကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။
“အစဉ်သနားခြင်းကို အစွဲပြု၍ တရားစကားကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့ အားတရားဟောရမည်။
“အာမိသကို မငဲ့ကွက်သော စိတ်ရှိသည်ဖြစ်၍ တရားစကားကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။
“မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမပုတ်ခတ်မူ၍ တရားစကားကိုဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။
အာနန္ဒာ သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူ၊ အာနန္ဒာ သူတစ်ပါးတို့အား တရားဟောလိုသူသည် ဤ တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။