အင်္ဂုတ္တရနိကာယ်
(၁၈) ၃-ဥပါသကဝဂ်
၁-သာရဇ္ဇသုတ်
၁၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုစဉ်အခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ခေါ်တော်မူ၏။
“အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော (ရတနာသုံးပါးသို့ ဆည်းကပ်တတ်သူ) ဥပါသကာသည်ကြောက်ရွံ့ခြင်းသို့ သက်ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ ရှိ၏၊ မဟုတ်မမှန် ပြောလေ့ရှိ၏၊ မူးယစ် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်လေ့ ရှိ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ကြောက်ရွံ့ခြင်းသို့ သက်ရောက်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ရဲရင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့််ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ရဲရင့်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။