အင်္ဂုတ္တရနိကာယ်

(၁၈) ၃-ဥပါသကဝဂ်

၄-ဝေရသုတ်

၁၇၄။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသောအနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏—

ဒါယကာ ဘေးရန်ငါးမျိုးတို့ကို မပယ်သောကြောင့် သီလမရှိသူဟူ၍ ဆိုအပ်၏၊ ငရဲသို့လည်းကျရောက်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန်ပြောခြင်း၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းတို့တည်း။

ဒါယကာ ဤဘေးရန်ငါးမျိုးတို့ကို မပယ်ခြင်းကြောင့် သီလမရှိသူဟူ၍ ဆိုအပ်၏၊ ငရဲသို့လည်းကျရောက်ရ၏။

ဒါယကာ ဘေးရန်ငါးမျိုးတို့ကို ပယ်ခြင်းကြောင့် သီလရှိသူဟူ၍ ဆိုအပ်၏၊ ကောင်းသော လားရာ’သုဂတိဘဝ’သို့လည်း ရောက်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန်ပြောခြင်း၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းတို့တည်း။

ဒါယကာ ဤဘေးရန်ငါးမျိုးတို့ကို ပယ်ခြင်းကြောင့် သီလရှိသူဟူ၍ ဆိုအပ်၏၊ ကောင်းသော လားရာ’သုဂတိဘဝ’ သို့လည်း ရောက်ရ၏။

ဒါယကာ သူ့အသက်သတ်လေ့ရှိသူသည် သူ့အသက်ကို သတ်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွါးစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွါးစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သူအားမျက်မှောက်၌ ဖြစ်သော ဘေးရန်သည် မပွါးစီး၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် မပွါးစီး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သူအား့ဤသို့အားဖြင့် ထိုဘေးရန်သည် ငြိမ်း၏။

ဒါယကာ မပေးသည်ကို ယူလေ့ရှိသူသည်။ပ။

ဒါယကာ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသူသည်။ပ။

ဒါယကာ မဟုတ်မမှန် ပြောလေ့ရှိသူသည်။ပ။

ဒါယကာ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်လေ့ရှိသူသည် မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းဟူသော အကြောင်းကြောင့်မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွါးစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွါးစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောသေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် မပွါးစီး၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် မပွါးစီး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်းမခံစားရ၊ မူးယစ် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအားဤသို့အားဖြင့် ထိုဘေးရန်သည် ငြိမ်း၏ဟု (မိန့်တော်မူ၏)။

လောက၌ သူ့အသက်ကို သတ်သူ၊ မဟုတ်မမှန် ပြောသူ၊ မပေးသည်ကို ယူသူ၊ သူ့မယားကိုလည်းလွန်ကျူးသွားလာသူ၊ သေအရက်သောက်ခြင်းကိုလည်း အဖန် တလဲလဲ အားထုတ်သူကို ရန်ငါးမျိုးတို့ကိုမပယ်ခြင်းကြောင့် ‘သီလမရှိသူ’ဟူ၍ ဆိုအပ်၏၊ ပညာမရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်ရှိသော်ငရဲ၌ ဖြစ်ရ၏။ လောက၌ သူ့အသက်ကို မသတ်သူ၊ မဟုတ်မမှန် မပြောသူ၊ မပေးသည်ကို မယူသူ၊ သူတစ်ပါးမယားကို မလွန်ကျူးမသွားလာသူ၊ သေအရက်သောက်ခြင်းကိုလည်း အဖန်တလဲလဲအားမထုတ်သူကို ရန်ငါးမျိုးတို့ကို ပယ်ခြင်းကြောင့် ‘သီလရှိသူ’ဟူ၍ ဆိုအပ်၏။ ပညာရှိသော ထိုသူသည်ခန္ဓာကိုယ်ပျက်စီးသည်ရှိသော် ကောင်းသော လားရာ ‘သုဂတိ ဘဝ’၌ ဖြစ်ရ၏။

စတုတ္ထသုတ်။