အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-ဗြာဟ္မဏဝဂ်
၉-ကုလသုတ်
၁၉၉။ ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသောအကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွါးစေကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဖူးမြင်ရ၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည် မည်၏။
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ခရီးဦးကြိုဆိုကြရှိခိုးကြ နေရာထိုင်ခင်းပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်ကိုကျင့်သည် မည်၏။
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဝန်တိုမှု အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကိုကျင့်သည် မည်၏။
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် အစွမ်းရှိသ လောက်အားရှိသလောက် ဝေဖန်လှူဒါန်းသော အခါ ထိုအိမ်သည် ဥစ္စာပေါများခြင်းကို ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည် မည်၏။
ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ပုစ္ဆာမေးကြပြဿနာမေးကြ တရားနာကြသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကိုကျင့်သည် မည်၏။
ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ဤငါးမျိုးသောအကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွါးစေကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။