အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၁-ကိမိလသုတ်
၂ဝ၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ကျည်းပင်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—
“အသျှင်ဘုရား မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာမတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း ရဟန်းမိန်းမဥပါသကာ ဥပါသိကာမတို့သည်—
မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။
တရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။
သံဃာ၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။
သီလသိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။
အချင်းချင်း ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာမတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။
ကိမိလ မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း ရဟန်းမိန်းမ့ဥပါသကာ ဥပါသိကာမတို့သည်—
မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။
တရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။
သံဃာ၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။
သီလသိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။
အချင်းချင်း ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။