အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၃-အဿာဇာနီယသုတ်
၂ဝ၃။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း အသုံးအဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း။
လျင်မြန်ခြင်းနှင့်လည်းကောင်း။
နူးညံ့ခြင်းနှင့်လည်းကောင်း။
သည်းခံခြင်းနှင့်လည်းကောင်း။
အကျင့်စင်ကြယ်ခြင်းနှင့်လည်းကောင်း ပြည့်စုံ၏။
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း အသုံးအဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီရန်ခံထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း။
လျင်မြန်ခြင်းနှင့်လည်းကောင်း။
နူးညံ့ခြင်းနှင့်လည်းကောင်း။
သည်းခံခြင်းနှင့်လည်းကောင်း။
အကျင့်စင်ကြယ်ခြင်းနှင့်လည်းကောင်း ပြည့်စုံ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီရန် ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။