အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၉-ဂီတဿရသုတ်
၂ဝ၉။ ရဟန်းတို့ ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မိမိကိုယ်တိုင်လည်း ထိုအသံ၌ စွဲမက်၏။ သူတစ်ပါးတို့သည်လည်း ထိုအသံ၌ စွဲမက်ကုန်၏။
“ငါတို့ သီချင်းဆိုသကဲ့သို့ ထို့အတူ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် သီချင်းဆိုကုန်၏”ဟု လူဒါယကာတို့ ကဲ့ရဲ့ကုန်၏။
အသံပြုပြင်ခြင်းကို အလိုရှိသော ရဟန်းအား သမာဓိပျက်စီးခြင်း ဖြစ်၏။
နောင်လာနောက်သားသည် အတုလိုက်၏။
ရဟန်းတို့ ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။