အင်္ဂုတ္တရနိကာယ်

(၇) ၂-သညာဝဂ်

၆-သာဇီဝသုတ်

၆၆။ ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မေးဖြေခြင်းငှါ ထိုက်သူဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် — မိမိကလည်း သီလနှင့် ပြည့်စုံ၏၊ သီလပြည့်စုံမှုနှင့်စပ်သောစကားဖြင့် ပြုစီရင်ထားသော ပြဿနာကိုလည်း ဖြေဆိုတတ်၏။

မိမိကလည်း သမာဓိနှင့် ပြည့်စုံ၏၊ သမာဓိပြည့်စုံမှုနှင့် စပ်သောစကားဖြင့် ပြုစီရင်ထားသောပြဿနာကိုလည်း ဖြေဆိုတတ်၏။

မိမိကလည်း ပညာနှင့် ပြည့်စုံ၏၊ ပညာပြည့်စုံမှုနှင့် စပ်သောစကားဖြင့် ပြုစီရင်ထားသောပြဿနာကိုလည်း ဖြေဆိုတတ်၏။

မိမိကလည်း (ကိလေသာမှ) လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’နှင့် ပြည့်စုံ၏၊ (ကိလေသာမှ) လွတ်မြောက်ခြင်းနှင့် စပ်သောစကားဖြင့် ပြုစီရင်ထားသော ပြဿနာကိုလည်း ဖြေဆိုတတ်၏။

မိမိကလည်း (ကိလေသာမှ) လွတ်မြောက်ခြင်း၌ မြင်စွမ်းနိုင်သော ဉာဏ်အမြင် ‘ဝိမုတ္တိဉာဏဒဿန’ နှင့်ပြည့်စုံ၏၊ ကိလေသာမှ လွတ်မြောက်ခြင်း၌ မြင်စွမ်းနိုင်သော ဉာဏ်အမြင်ပြည့်စုံမှုနှင့် စပ်သော စကားဖြင့်ပြုစီရင်ထားသော ပြဿနာကိုလည်း ဖြေဆိုတတ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မေးဖြေခြင်းငှါ ထိုက်သူဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။