အင်္ဂုတ္တရနိကာယ်

၂-သာရဏီယဝဂ်

၅-အနုတပ္ပိယသုတ်

၁၅။ ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်ဆို၏—

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား သေသည်ရှိသော်နောင်တ ပူပန်ရတတ်၏၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ရတတ်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မွေ့လျော်၏၊ အမှုသစ်၌ ပျော်ပိုက်၏၊ အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ စကားပြောခြင်း၌ မွေ့လျော်၏။ အိပ်ခြင်း၌ မွေ့လျော်၏။ အပေါင်းအဖော်၌ မွေ့လျော်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော်၏။ ချဲ့ထွင်မှု ‘ပပဉ္စတရား’၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ရတတ်သော အခြင်းအရာ အားဖြင့်နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး (သက္ကာယ)၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား သေသည်ရှိသော်နောင်တပူပန်ခြင်း မရှိ၊ ထိုထိုအခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တပူပန်ရခြင်းမရှိသော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကားပြောခြင်း၌ မမွေ့လျော်။ အိပ်ခြင်း၌ မမွေ့လျော်။ အပေါင်းအဖော်၌ မမွေ့လျော်။ နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်။ ချဲ့ထွင်မှု ‘ပပဉ္စတရား’၌ မမွေ့လျော်။ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တပူပန်ခြင်းမရှိသော အခြင်းအရာ အားဖြင့်နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန်သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု ‘ပပဉ္စတရား’၌ အဖန်ဖန်အားထုတ် သည်ဖြစ်၍ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂလေးပါးတို့ကုန်ရာ အတုမရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု’ပပဉ္စတရား’ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂလေးပါးကုန်ရာ့အတုမရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။