အင်္ဂုတ္တရနိကာယ်

၅-ဓမ္မိကဝဂ်

၂-မိဂသာလာသုတ်

၄၄။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကိုဆောင်ယူလျက် မိဂသာလာ အမည်ရှိသော ဥပါသိကာမ၏ နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ မိဂသာလာဥပါသိကာမသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကိုရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်အာနန္ဒာအား ဤသို့ လျှောက်၏ —

အသျှင်ဘုရား အာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှလားရာ ‘ဂတိ’ ရှိကြပါကုန်၏၊ အသျှင်ဘုရား ပုရာဏမည်သော အကျွန်ုပ်၏ ဖခင်သည် မြတ်သောအကျင့်ကို ကျင့်ပါ၏၊ (မေထုန်အကျင့်မှ) ဝေးစွာ ကျင့်ပါ၏၊ ရွာသူတို့၏ အကျင့်ဖြစ်သော မေထုန်မှရှောင်ကြဉ်ပါ၏။

ထိုအကျွန်ုပ်၏ဖခင် သေလွန်သည်ရှိသော် “သကဒါဂါမိဖိုလ်သို့ ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်။

အသျှင်ဘုရား ဣသိဒတ္တအမည်ရှိသော အကျွန်ုပ်၏ အဘိုးသည်လည်း မိမိမယားဖြင့် ရောင့်ရဲသည် ဖြစ်၍မြတ်သော အကျင့်ကို မကျင့်သူဖြစ်ပါ၏၊ ထိုအဘိုးသည်လည်း သေလွန်သည်ရှိသော် “သကဒါ ဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ် ပါသည်။

အသျှင်ဘုရားအာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြား့တော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း။

ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သော အကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သောအကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှ လားရာ ‘ဂတိ’ ရှိကြပါကုန်၏ဟု (လျှောက်၏)။

နှမ မြတ်စွာဘုရားသည် ဤအတိုင်းပင် မိန့်ကြားတော်မူအပ်၏ဟု (မိန့်ဆို၏)။

ထို့နောက် အသျှင်အာနန္ဒာသည် မိဂသာလာ ဥပါသိကာမ၏အိမ်၌ ဆွမ်းခံပြီးလျှင် နေရာမှ ထ၍ဖဲကြွတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မိဂသာလာ ဥပါသိကာမ၏ နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေသောအခါမိဂသာလာ ဥပါသိကာမသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် အကျွန်ုပ်အား ဤစကားကို လျှောက်ပါ၏ —

“အသျှင်ဘုရား အာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ၊ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှလားရာ ‘ဂတိ’ရှိကြပါကုန်၏၊ အသျှင်ဘုရား ပုရာဏမည်သော အကျွန်ုပ်၏ ဖခင်သည် မြတ်သောအကျင့်ကို ကျင့်ပါ၏၊ (မေထုန်အကျင့်မှ) ဝေးစွာ ကျင့်ပါ၏၊ ရွာသူတို့၏ အကျင့်ဖြစ်သော မေထုန်မှရှောင်ကြဉ်ပါ၏၊ ထိုအကျွန်ုပ်၏ ဖခင် ကွယ်လွန်သည်ရှိသော် ‘သကဒါဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်’ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်။

အသျှင်ဘုရား ဣသိဒတ္တအမည်ရှိသော အကျွန်ုပ်၏ အဘိုးသည်လည်း မိမိမယားဖြင့် ရောင့်ရဲ သည်ဖြစ်၍မြတ်သော အကျင့်ကို မကျင့်သူဖြစ်ပါ၏၊ ထိုအဘိုးသည်လည်း ကွယ်လွန်သည်ရှိသော် ‘သကဒါဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်’ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ် ပါသည်။

အသျှင်ဘုရား အာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ၊ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှလားရာ ‘ဂတိ’ ရှိကြပါကုန်၏ဟု (လျှောက်ပါသည်)။

အသျှင်ဘုရား ဤသို့လျှောက်သောအခါ အကျွန်ုပ်သည် မိဂသာလာ ဥပါသိကာမကို ‘နှမ မြတ်စွာဘုရားသည် ဤအတိုင်းပင် မိန့်ကြားတော်မူအပ်၏’ဟု ပြောဆိုလိုက်ပါသည် (ဟု လျှောက်၏)။

အာနန္ဒာ မိုက်မဲသော မလိမ္မာသော မိန်းမဖြစ်သော မိန်းမဟူသော အမှတ်နှင့် ပြည့်စုံသောမိဂသာလာဥပါသိကာမသည် အဘယ်သို့သော မိန်းမလေနည်း၊ ယောကျာ်းပုဂ္ဂိုလ်တို့၏ဣန္ဒြေအနုအရင့်ကို သိတတ်သော ‘ဣန္ဒြိယပရောပရိယ’ ဉာဏ်၌ (အပိတ်အပင် အတားအဆီး မရှိကုန်သောမြတ်စွာဘုရား တို့သည်) အဘယ်သို့သော ပုဂ္ဂိုလ်တို့နည်း။

အာနန္ဒာ ဤပုဂ္ဂိုလ်ခြောက်မျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ —

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (မကောင်းမှု) မှ ကောင်းစွာ ရှောင်ကြဉ်၏၊ ချမ်းသာသော ပေါင်းသင်းမှု ရှိ၏၊ (ထိုသူနှင့်) အတူနေခြင်းဖြင့် သီတင်းသုံးဖော်တို့သည် နှစ်သက်ကုန်၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း ပြုသင့်သည်ကို မပြု၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) မပြု၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိ၊ အခါကာလအားလျော်စွာ့ဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန် ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ထူးမြတ်သည့်အဖြစ်သို့ မရောက်။ (၁)

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မကောင်းမှုမှ ကောင်းစွာရှောင်ကြဉ်၏၊ ချမ်းသာသောပေါင်းသင်းမှု ရှိ၏၊ (ထိုသူနှင့်) အတူနေခြင်းဖြင့် သီတင်းသုံးဖော်တို့သည် နှစ်သက်ကုန်၏၊ ထိုသူသည်ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါကာလအားလျော်စွာ ဖြစ်သောလွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန် ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ဆုတ်ယုတ်သည့်အဖြစ်သို့ မရောက်။ (၂)

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်ကုန်သော ပုဂ္ဂိုလ်တို့သည် —

“ဤပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ အခြားပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ (သို့ဖြစ်ပါလျက်) အဘယ့်ကြောင့် ထိုနှစ်ယောက်တို့တွင် တစ်ယောက်က (ဂုဏ်အားဖြင့်) ယုတ်၍တစ်ယောက်က (ဂုဏ်အားဖြင့်) မြတ်ပါသနည်း”ဟု နှိုင်းရှည့်ကုန်၏။

အာနန္ဒာ ထိုသို့ နှိုင်းရှည့်ခြင်းသည် ထိုနှိုင်းရှည့်သူတို့အား ကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် မကောင်းမှုမှ ကောင်းစွာရှောင်ကြဉ်သော ချမ်းသာသောပေါင်းသင်းမှုရှိသော (ထိုသူနှင့်) အတူနေခြင်းဖြင့် သီတင်းသုံးဖော်တို့သည် နှစ်သက်သော၊ ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြုသော၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) ပြုသောပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိသော အခါကာလအားလျော်စွာဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရသော ပုဂ္ဂိုလ်သည် ဤမည်သော ရှေးပုဂ္ဂိုလ်ထက် သာ၍လည်း နှစ်သက်ဖွယ်ရှိ၏၊ သာ၍လည်း မွန်မြတ်၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အာနန္ဒာ ဤပုဂ္ဂိုလ်ကို (ဝိပဿနာဉာဏ်) တရားအလျဉ်သည် (အရိယာဘုံသို့) ဆောင်ယူသွား၏၊ ထိုအကြောင်းကို မြတ်စွာဘုရားမှတစ်ပါးအဘယ်သူသည် သိနိုင်ရာအံ့နည်း။

အာနန္ဒာ ထို့ကြောင့် ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်သူတို့ မဖြစ်ကြကုန်လင့်၊ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကိုမယူကြကုန်လင့်၊ အာနန္ဒာ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူသူသည် (မိမိကိုယ်ကို) တူးဖြိုသည် မည်၏။

အာနန္ဒာ ငါသော်လည်းကောင်း၊ ငါနှင့် တူသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်အား အမျက်ဒေါသ မာန်မာန လွှမ်းမိုးလွန်ကဲ၏၊ ထိုပုဂ္ဂိုလ်အားရံဖန်ရံခါ၌လည်း လောဘတရားတို့ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြု၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) မပြု၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိ၊ အခါကာလအားလျော်စွာဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း မရ၊ ထိုသူသည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန် ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့်အဖြစ်သို့သာလျှင် ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့ မရောက်။ (၃)

အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အမျက်ဒေါသ မာန်မာန လွှမ်းမိုး လွန်ကဲ၏၊ ထိုပုဂ္ဂိုလ်အား ရံဖန်ရံခါ၌လည်း လောဘတရားတို့ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏။ပ။ ဆုတ်ယုတ်သည့် အဖြစ်သို့ မရောက်။ (၄)

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သော ပုဂ္ဂိုလ်တို့သည်။ပ။ ငါနှင့်တူသူသော်လည်းကောင်း နှိုင်းရှည့်မှုကို ယူရာ၏။

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်အား အမျက်ဒေါသ မာန်မာန လွှမ်းမိုး လွန်ကဲ၏၊ ထိုပုဂ္ဂိုလ်အား ရံဖန်ရံခါ၌လည်း စကားပြောဆိုမှု ဝစီသင်္ခါရတို့ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) မပြု။ပ။ အခါကာလအားလျော်စွာ ဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန် ဖြစ်၏၊ ထူးမြတ်ရန်မဖြစ်၊ ဆုတ်ယုတ်သည့်အဖြစ်သို့ သာလျှင် ရောက်၏၊ ထူးမြတ်သည့် အဖြစ်သို့ မရောက်။ (၅)

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်အား အမျက်ဒေါသ မာန်မာန လွှမ်းမိုး လွန်ကဲ၏၊ ထိုပုဂ္ဂိုလ်အား ရံဖန်ရံခါ၌လည်း စကားပြောဆိုမှု ဝစီသင်္ခါရတို့ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါကာလအားလျော်စွာ ဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန် ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ဆုတ်ယုတ်သည့် အဖြစ်သို့ မရောက်။ (၆)

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်သော ပုဂ္ဂိုလ်တို့သည် —

“ဤပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ အခြားပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ (ထိုသို့ ဖြစ်ပါလျက်) အဘယ့်ကြောင့် ထိုနှစ်ယောက်တို့တွင် တစ်ယောက်က (ဂုဏ်အားဖြင့်) ယုတ်၍တစ်ယောက်က (ဂုဏ်အားဖြင့်) မြတ်ပါသနည်း”ဟု နှိုင်းရှည့်ကြကုန်၏။

အာနန္ဒာ ထိုသို့ နှိုင်းရှည့်ခြင်းသည် နှိုင်းရှည့်သူတို့အား ကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် အမျက်ဒေါသ မာန်မာန လွှမ်းမိုးလွန်ကဲသော၊ ရံဖန်ရံခါ၌လည်းစကားပြောဆိုမှု ဝစီသင်္ခါရဖြစ်သော၊ ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြုသော၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) ပြုသော၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိသော၊ အခါကာလ အားလျော်စွာဖြစ်သော လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကိုလည်း ရသော ပုဂ္ဂိုလ်သည်ဤမည်သော ရှေးပုဂ္ဂိုလ်ထက် သာ၍လည်း နှစ်သက်ဖွယ် ရှိ၏၊ သာ၍လည်း မွန်မြတ်၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အာနန္ဒာ ဤပုဂ္ဂိုလ်ကို (ဝိပဿနာဉာဏ်) တရားအလျဉ်သည် (အရိယာ) ဘုံသို့ ဆောင်ယူသွား၏၊ ထိုအကြောင်းကို မြတ်စွာဘုရားမှတစ်ပါး အဘယ်သူသည် သိနိုင်ရာအံ့နည်း။

အာနန္ဒာ ထို့ကြောင့် ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်သူတို့ မဖြစ်ကြကုန်လင့်၊ နှိုင်းရှည့်မှုကို မယူကုန်လင့်၊ အာနန္ဒာ ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူသူသည် (မိမိကိုယ်ကို) တူးဖြိုသည် မည်၏၊ အာနန္ဒာ ငါသော်လည်းကောင်း၊ ငါနှင့် တူသူသော်လည်းကောင်း ပုဂ္ဂိုလ်တို့၌ နှိုင်းရှည့်မှုကို ယူရာ၏။

အာနန္ဒာ မိုက်မဲသော မလိမ္မာသော မိန်းမဖြစ်သော မိန်းမဟူသော အမှတ်နှင့် ပြည့်စုံသောမိဂသာလာဥပါသိကာမသည် အဘယ်သို့သော မိန်းမလေနည်း၊ ယောကျာ်းပုဂ္ဂိုလ်တို့၏ ဣန္ဒြေအနုအရင့်ကိုသိတတ်သော ‘ဣန္ဒြိယပရောပရိယ’ ဉာဏ်၌ (အပိတ်အပင် အတားအဆီးမရှိကုန်သော မြတ်စွာဘုရားတို့သည်) အဘယ်သို့သော ပုဂ္ဂိုလ်တို့နည်း။

အာနန္ဒာ ဤပုဂ္ဂိုလ်ခြောက်မျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။

အာနန္ဒာ ပုရာဏ၏ ပြည့်စုံသော သီလမျိုးနှင့် ဣသိဒတ္တသည် ပြည့်စုံငြားအံ့၊ ဤအရာ၌ ပုရာဏသည် ဣသိဒတ္တ၏ ဉာဏ်အလားကို ပိုင်းခြား၍ မသိရာ၊ အာနန္ဒာ ဣသိဒတ္တ၏ ပြည့်စုံသော ပညာမျိုးနှင့်ပုရာဏသည် ပြည့်စုံငြားအံ့၊ ဤအရာ၌ ဣသိဒတ္တသည်၁ ပုရာဏ၏ ဉာဏ်အလားကို ပိုင်းခြား၍ မသိရာ၊ အာနန္ဒာ ဤသို့လျှင် ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည်၁ အင်္ဂါတစ်ပါး ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁။ ပုရာဏသည် သီလဖြင့် ထူးမြတ်၏၊ ဣသိဒတ္တသည် ပညာဖြင့် ထူးမြတ်၏၊ ပုရာဏ၏ သီလသည် ဣသိဒတ္တ၏ ပညာအရာ၌ တည်၍ ဣသိဒတ္တ၏ ပညာသည် ပုရာဏ၏ သီလအရာ၌ တည်၏၊ ထို့ကြောင့် တုသိတာဘုံ၌ ဖြစ်ခြင်းတူကြသည် ဟူလို (အဋ္ဌကထာ)။