အင်္ဂုတ္တရနိကာယ်
၁ဝ-အာနိသံသဝဂ်
၁-ပါတုဘာဝသုတ်
၉၆။ ရဟန်းတို့ လောက၌ တရားခြောက်မျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။
လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏။
လောက၌ သူတော်ကောင်းတို့၏ တည်ရာ (မဇ္ဈိ မဒေသ) အရပ်၌ ဖြစ်ရခြင်းကို ရခဲ၏။
လောက၌ (မျက်စိစသော) ဣန္ဒြေတို့၏ မချို ့တဲ့သူ အဖြစ်ကို ရခဲ၏။
လောက၌ မမိုက်မဲ မဆွံ့အသူ အဖြစ်ကို ရခဲ၏။
လောက၌ ကုသိုလ်တရား၌ ပြုလိုမှု ‘ဆန္ဒ’ ကို ရခဲ၏။
ရဟန်းတို့ လောက၌ ဤတရားခြောက်မျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။