အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၁၁-ပရာဘဝသုတ်

၃၁။ ရဟန်းတို့ ဥပါသကာ၏ ပျက်စီးကြောင်း ‘ပရာဘဝ’ တို့သည် ဤခုနစ်မျိုးတို့တည်း။ပ။

ရဟန်းတို့ ဥပါသကာ၏ ပြည့်စုံကြောင်း ‘သမ္ဘဝ’ တို့သည် ဤခုနစ်မျိုးတို့တည်း။ပ။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—

ရဟန်းတို့အား ဖူးမြော်မှုကို မဆုတ်ယုတ်စေ၊ သူတော်ကောင်းတရားကြားနာမှုကို မမေ့လျော့၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏၊ မထေရ်ကြီးရဟန်း သီတင်းငယ်ရဟန်း သီတင်းလတ်ရဟန်းတို့၌ ကြည်ညိုမှုများပြား၏၊ ခြုတ်ခြယ် လိုစိတ်မရှိဘဲ အပေါက်အလမ်းမရှာမူ၍ တရားကို နာ၏၊ ဤသာသနာတော်မှအပ၌ မြတ်သော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတော်၌ သာလျှင် ရှေးဦးအလှူကို ပြု၏။ ရဟန်းတို့ ဤတရားခုနစ်မျိုးတို့သည် ဥပါသကာ၏ ပြည့်စုံကြောင်းတို့တည်းဟု (မိန့်တော်မူ၏)။

“အကြင်ဥပါသကာသည် ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏၊ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း ယုတ်စေ၏၊ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်။ ရဟန်းတို့၌ မကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ခြုတ်ခြယ် လိုသောစိတ်ရှိသည်ဖြစ်၍လည်း သူတော်ကောင်းတရားကို ကြားနာရန် အလိုရှိ၏။ အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီး၏၊ ထိုသာသနာပ၌ပင်လျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော ဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသောထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ ဆုတ်ယုတ်၏။ အကြင် ဥပါသကာသည် ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို မယုတ်စေ၊ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း မယုတ်စေ၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏။ ထိုဥပါသကာအား ရဟန်းတို့၌ ကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ခြုတ်ခြယ်လိုသောစိတ်မရှိမူ၍လည်း သူတော်ကောင်းတရားကို ကြားနာရန်အလိုရှိ၏။

အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတွင်း၌ သာလျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသောမဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသော ထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှမဆုတ်ယုတ်”။

ဧကာဒသမသုတ်။

သုံးခုမြောက် ဝဇ္ဇိသတ္တကဝဂ် ပြီး၏။