အင်္ဂုတ္တရနိကာယ်
၁-ဓနဝဂ်
၅-သံခိတ္တဓနသုတ်
၅။ ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု ‘ဟိရီ’ ဥစ္စာ၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ သိမှု ‘ပညာ’ ဥစ္စာတို့တည်း။
ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု, ကြောက်လန့်မှု ‘ဟိရီ သြတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ ခုနစ်ခုမြောက် သိမှု ‘ပညာ’ ဥစ္စာတို့တည်း။ အကြင်မိန်းမအား ဖြစ်စေ အကြင်ယောကျာ်းအား ဖြစ်စေ ထို (သူတော်ကောင်း) ဥစ္စာတို့သည် ရှိကုန်၏၊ ထို (သူတော်ကောင်း) ဥစ္စာရှိသော မိန်းမယောကျာ်းကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သောသဒ္ဓါတရားကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်းအဖန်ဖန်အားထုတ်ရာသတည်း။
ပဉ္စမသုတ်။