အင်္ဂုတ္တရနိကာယ်
၂-မဟာဝဂ်
၅-မလသုတ်
၁၅။ ရဟန်းတို့ အညစ်အကြေးတို့သည် ဤရှစ်မျိုးတို့တည်း။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ မသရဇ္ဈာယ်ခြင်းသည် အတတ်ပညာ၏ အညစ်အကြေး မည်၏။ ရဟန်းတို့ ထကြွလုံ့လ မရှိခြင်းသည် အိမ်၏ အညစ်အကြေး မည်၏၊
ရဟန်းတို့ ပျင်းရိခြင်းသည် ကိုယ်အဆင်း၏ အညစ်အကြေး မည်၏။ ရဟန်းတို့ မေ့လျော့ခြင်းသည် (ဥစ္စာကို)စောင့်ရှောက်သူ၏ အညစ်အကြေး မည်၏။ ရဟန်းတို့ မကောင်းသော အကျင့်သည် မိန်းမ၏ အညစ်အကြေး မည်၏၊
ရဟန်းတို့ ဝန်တိုမှုသည် ပေးလှူသောသူ၏ အညစ်အကြေး မည်၏၊
ရဟန်းတို့ ယုတ်ညံ့ကုန်သော အကုသိုလ်ဖြစ်ကုန်သော တရားတို့သည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း အညစ်အကြေး မည်ကုန်၏၊
ရဟန်းတို့ အဝိဇ္ဇာသည် ထိုဆိုအပ်ခဲ့ပြီးသော အညစ်အကြေးတို့ထက် ထူးသော အညစ်အကြေး မည်၏၊ လွန်ကဲသော အညစ်အကြေး မည်၏။ ရဟန်းတို့ အညစ်အကြေးတို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အတတ်ပညာတို့သည် မသရဇ္ဈာယ်ခြင်းလျှင် အညစ်အကြေး ရှိကုန်၏၊ အိမ်တို့ သည် ထကြွလုံ့လ မရှိခြင်းလျှင် အညစ်အကြေး ရှိကုန်၏၊ ကိုယ်အဆင်း၏ အညစ် အကြေးကား ပျင်းရိခြင်းတည်း၊ (ဥစ္စာကို)စောင့်ရှောက်သောသူ၏ အညစ် အကြေးကား မေ့လျော့မှုတည်း၊ မိန်းမ၏အညစ်အကြေးကား မကောင်းသောအကျင့်တည်း၊ ဝန်တိုမှုသည် ပေးလှူသောသူ၏ အညစ်အကြေးတည်း၊ ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း အညစ်အကြေးတို့တည်း၊ အဝိဇ္ဇာသည် ထိုအညစ်အကြေးတို့ထက် ထူးသော အညစ်အကြေးတည်း၊ လွန်ကဲသော အညစ်အကြေးတည်း။
ပဉ္စမသုတ်။