အင်္ဂုတ္တရနိကာယ်
၄-ဒါနဝဂ်
၈-သပ္ပုရိသသုတ်
၃၈။ ရဟန်းတို့ သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ်လာသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ်ယောကျာ်းတို့၏ အကျိုးစီးပွါးချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏။ ရဟန်းတို့ အလုံးစုံသော ကောက်စပါးတို့ကို ပြည့်စုံစေတတ်သော ရွာသွန်းသော မိုးကြီးသည် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ်လာသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ်ယောကျာ်းတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းအလို့ငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
အိမ်၌နေသော ပညာရှိပုဂ္ဂိုလ်သည် စင်စစ်အားဖြင့် များစွာသောလူတို့၏ အကျိုးငှါ ဖြစ်၏။ နေ့ညဉ့်တို့ပတ်လုံး ပျင်းရိခြင်းမရှိသော ပညာရှိသည် ရှေးဦးစွာ အမိအဖတို့အား ရှေး၌ပြုဖူးသော ကျေးဇူးကို အဖန်တလဲလဲအောက်မေ့သည်ဖြစ်၍ အကြောင်းအားလျော်စွာ ပူဇော်၏၊ အိမ်ရာမထောင်ဘဲ ရဟန်းပြုသော မြတ်သော အကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို အရိုအသေပြု၏။ သက်ဝင်ယုံကြည်သော သဒ္ဓါတရားရှိသော သီလကို ချစ်သူသည် တရားတို့ကို သိ၍ (သူတော်ကောင်းတို့ကို) ပူဇော်၏၊ မင်း၏ အစီးအပွါးကို ဆောင်၏၊ နတ်တို့၏ အစီးအပွါးကို ဆောင်၏၊ အဆွေအမျိုး မိတ်ဆွေတို့၏ အစီးအပွါးကို ဆောင်၏။ သူတော်ကောင်းတရား၌ ကောင်းစွာ တည်သော ထိုသူသည် အလုံးစုံသော သူတို့၏ အစီးအပွါးကို ဆောင်၏၊ ထိုသူသည် ဝန်တိုမှု ‘မစ္ဆရိယ’ အညစ်အကြေးကို ပယ်ဖျောက်၍ အေးငြိမ်းသော လောကသို့ ရောက်ရ၏။
အဋ္ဌမသုတ်။