အင်္ဂုတ္တရနိကာယ်

၅-ဥပေါသထဝဂ်

၄-ဝါသေဋ္ဌသုတ်

၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေသော ဝါသေဋ္ဌဥပါသကာအား မြတ်စွာဘုရားသည်—“ဝါသေဋ္ဌ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏။ပ။ မကဲ့ရဲ့အပ်ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက်ရကုန်၏”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် ဝါသေဋ္ဌဥပါသကာသည် မြတ်စွာဘုရားအား—“အသျှင်ဘုရား အကျွန်ုပ် ချစ်မြတ်နိုးအပ်ကုန်သော ဆွေမျိုးသားချင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကြပါမူ အကျွန်ုပ် ချစ်အပ်သော ဆွေမျိုးသားချင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏၊ အသျှင်ဘုရား အလုံးစုံသော မင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏၊ အသျှင်ဘုရား အလုံးစုံသော ပုဏ္ဏားတို့သည်။ပ။ ကုန်သည်တို့သည်။ သူဆင်းရဲတို့သည် အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော သူဆင်းရဲတို့အားလည်းရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏ဟု လျှောက်၏။ ဝါသေဋ္ဌ ဤစကားသည် လျှောက်သည့်အတိုင်း မှန်၏၊ ဝါသေဋ္ဌ ဤစကားသည် လျှောက်သည့် အတိုင်း မှန်၏၊ ဝါသေဋ္ဌ အလုံးစုံသော မင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဝါသေဋ္ဌ အလုံးစုံသော ပုဏ္ဏားတို့သည်။ပ။ ကုန်သည်တို့သည်။ သူဆင်းရဲတို့သည် အင်္ဂါ ရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏၊ ဝါသေဋ္ဌ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကသည်လည်းကောင်း၊ သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကသည် လည်းကောင်း အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောကအားလည်း ရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏၊ ဝါသေဋ္ဌ ဤအင်ကြင်းပင်ကြီးတို့သော်လည်း အကယ်၍ စိတ်စေတနာရှိသဖြင့် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကြပါမူ ဤအင်ကြင်း ပင်ကြီးတို့အားသော်လည်း ရှည်မြင့်စွာ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာသေး၏၊ လူဖြစ်သူ အားမူ အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။