အင်္ဂုတ္တရနိကာယ်
၁-မေတ္တာဝဂ်
၅-ပဌမ လောက ဓမ္မသုတ်
၅။ ရဟန်းတို့ ဤလောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောက သည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—လာဘ်ရမှု, လာဘ်မရမှု၊ အခြံအရံရှိမှု, အခြံအရံမရှိမှု၊ ကဲ့ရဲ့မှု, ချီးမွမ်းမှု၊ ချမ်းသာမှု, ဆင်းရဲမှုတို့တည်း။ ရဟန်းတို့ ဤလောကဓံတရားရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏ဟု (မိန့်တော်မူ၏)။ လာဘ်ရမှုသည်လည်းကောင်း၊ လာဘ်မရမူသည်လည်းကောင်း၊ အခြံအရံရှိမှု သည်လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည်လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည် မရှိကုန်၊ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောရှိကုန်၏။ သတိနှင့် ပြည့်စုံသော ပညာရှိသည် ထိုတရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို ဉာဏ်ဖြင့် ရှုဆင်ခြင်၏၊ ထိုသို့သော ပညာရှိ၏ စိတ်ကို အလိုရှိအပ်သော လောကဓံတရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံတရားတို့ကြောင့်လည်း စိတ်ထိခိုက် ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။ ထိုသူအား စိတ်နှင့်လျော်သော လောကဓံတရားတို့သည်လည်းကောင်း၊ စိတ်နှင့် ဆန့်ကျင်သော လောကဓံတရားတို့သည်လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီး ဖြစ်၍ မရှိကုန်၊ ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှုမရှိသော နိဗ္ဗာန်ကို သိလျက် ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက် သည်၏ အဖြစ်ကို ကောင်းစွာ သိနိုင်ပေ၏။
ပဉ္စမသုတ်။