အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၁ဝ-ဒုတိယ ပုဂ္ဂလသုတ်

၆ဝ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူကို ခံထိုက်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ကုန်၏၊ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ‘သောတာပတ္တိမဂ်’ ပုဂ္ဂိုလ်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ‘အရဟတ္တမဂ်’ ပုဂ္ဂိုလ်။ (ရဟန်းတို့) ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူကို ခံထိုက်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ ကျင့်ဆဲ ပုဂ္ဂိုလ်လေးယောက် ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်ဟူသော ရှစ်ယောက်သော ပုဂ္ဂိုလ်တို့ရှိကုန်၏၊ ဤရှစ်ယောက်သော အရိယာသံဃာတော် သည် သတ္တဝါအားလုံးတို့ထက် မြတ်၏။ ပေးလှူပူဇော်ကုန်သော ကောင်းမှုကို ရှာကုန်သော လူဖြစ်ကုန်သော သတ္တဝါတို့၏ ဥပဓိအကျိုးရှိသော ကောင်းမှုကို ပြုလေလော့၊ ဤရှစ်ယောက်သော အရိယာ သံဃာ၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဂေါတမီဝဂ် ပြီး၏။