အင်္ဂုတ္တရနိကာယ်
၃-သတ္တာဝါသဝဂ်
၉-အာဃာတဝတ္ထုသုတ်
၂၉။ ရဟန်းတို့ ရန်ငြိုးဖွဲ့ကြောင်း ‘အာဃာတဝတ္ထု’တို့သည် ဤကိုးမျိုးတို့တည်း။ အဘယ်ကိုးမျိုးတို့နည်းဟူမူ—
“ငါ၏ အကျိုးမဲ့ကို ပြုဖူးပြီ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလိမ့်မည်”ဟု ရန်ငြိုးဖွဲ့၏၊
“ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးပြီဟု။ပ။ အကျိုးမဲ့ကို ပြုနေဆဲ။ပ။ အကျိုး မဲ့ကို ပြုလိမ့်မည်”ဟု ရန်ငြိုးဖွဲ့၏၊
“ငါ မချစ်ခင် မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးပြီ။ပ။ အကျိုးကို ပြုနေဆဲ။ပ။ အကျိုးကို ပြုလိမ့်မည်”ဟု ရန်ငြိုးဖွဲ့၏။ ရဟန်းတို့ ရန်ငြိုးဖွဲ့ကြောင်း ‘အာဃာတဝတ္ထု’တို့သည် ဤကိုးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။