အင်္ဂုတ္တရနိကာယ်
၅-သာမညဝဂ်
၁ဝ-ဒိဋ္ဌဓမ္မာနိဗ္ဗာနသုတ်
၅၁။ “ငါ့သျှင် မျက်မှောက်နိဗ္ဗာန် မျက်မှောက်နိဗ္ဗာန်”ဟု ဆိုအပ်၏။ ငါ့သျှင် အဘယ်မျှဖြင့် မျက်မှောက်နိဗ္ဗာန်ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်းဟု (မေး၏)။
ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်လည်း မျက်မှောက်နိဗ္ဗာန်ဟု မြတ်စွာဘုရားသည် ပရိယာယ်အားဖြင့် ဟောတော်မူ၏။ပ။ ငါ့သျှင် နောက်တစ်မျိုးကား ရဟန်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝ လွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ ရောက်၍ နေ၏။ ထိုသူအား ပညာဖြင့် မြင်၍ အာသဝေါတရားတို့ ကုန်ခန်းကုန်၏၊ ငါ့သျှင် ဤမျှဖြင့်လည်း မျက်မှောက်နိဗ္ဗာန်ဟု မြတ်စွာဘုရားသည် ပရိယာယ်မဟုတ် (မုချ) အားဖြင့် ဟောတော်မူ၏ဟု (မိန့်ဆို၏)။
ဒသမသုတ်။
ငါးခုမြောက် သာမညဝဂ် ပြီး၏။
ပဌမ သုတ်ငါးဆယ် ပြီး၏။