သံယုတ္တနိကာယ်—၁ဝ

၁၁—စီရာသုတ်

၂၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဥပါသကာ တစ်ဦးသည် စီရာဘိက္ခုနီမအား သင်္ကန်းကို လှူ၏၊ ထိုအခါ စီရာဘိက္ခုနီမ၌ အလွန်ကြည်ညို သော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—

“အကြင်ဥပါသကာသည် စီရာဘိက္ခုနီမအား အလုံးစုံသော ယောဂတရားတို့မှ ကင်းလွတ်ခြင်းငှါ သင်္ကန်းကို ပေးလှူ၏၊ ဤဥပါသကာသည် များသော ကောင်းမှုကို ပွားစေ၏တကား၊့ပညာရှိပေစွတကား”ဟု (ရွတ်ဆို၏)။