သံယုတ္တနိကာယ်—၂
၃—နာနာတိတ္ထိယဝဂ်
၁—သိဝသုတ်
၁ဝ၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ သိဝ့နတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ —
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။
သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်။
သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။
သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။
သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိဘဝ) သို့ ရောက်ကုန်၏။
သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏”ဟု (လျှောက်၏)။
ထိုအခါ၌ မြတ်စွာဘုရားသည် သိဝနတ်သားကို ဂါထာဖြင့် တုံ့ပြန်၍ မိန့်တော်မူ၏ —
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏”ဟု (မိန့်တော်မူ၏)။