သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၇—ပဉ္စာလစဏ္ဍသုတ်

၈၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ပဉ္စာလစဏ္ဍနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရားသည် (နီဝရဏတို့ဖြင့်) ကျဉ်းမြောင်းရာ၌ (ဈာန်တည်းဟူသော) ရပ်တည်ရာကို ရတော်မူပြီ၊ အကြင် မြတ်စွာဘုရားသည် ဈာန်ကို သိတော်မူ၏၊ ထိုမြတ်စွာဘုရားသည် မာနကို ပယ်သောသူတို့ထက် မြတ်တော်မူ၏ဟု (လျှောက်၏)။

ပဉ္စာလစဏ္ဍနတ်သား အကြင်သူတို့သည် ကျဉ်းမြောင်းသောဈာန်ကိုလည်း ရကုန်၏၊ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အောက်မေ့မှု သတိကို ရကုန်၏၊ ထိုသူတို့သည် လောကုတ္တရာ သမာဓိဖြင့် ကောင်းစွာ့တည်ကြကုန်၏ဟု (မိန့်တော်မူ၏)။