သံယုတ္တနိကာယ်—၂၂

(၁ဝ) ၅—ပုပ္ဖဝဂ်

၉—ဝါသိဇဋသုတ်

၁ဝ၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သိသူ မြင်သူအားသာ အာသဝေါကုန်၏ဟု ငါ ဆို၏၊ မသိသူမမြင်သူအား ငါ မဆို။ ရဟန်းတို့ အဘယ်ကို သိသူ အဘယ်ကို မြင်သူအား အာသဝေါကုန်မှု ဖြစ်နိုင်သနည်း၊ “ ဤကား ရုပ်၊ ဤကား ရုပ်ဖြစ်ပေါ်ခြင်း၊ ဤကား ရုပ်ချုပ်ခြင်း။ ဤကား ဝေဒနာ။ပ။ ဤကားသညာ။ ဤကား သင်္ခါရတို့။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်ဖြစ်ပေါ်ခြင်း၊ ဤကား ဝိညာဏ်ချုပ်ခြင်း”ဟု ဤသို့ သိသူ ဤသို့ မြင်သူအား အာသဝေါကုန်မှု ဖြစ်နိုင်၏။

ရဟန်းတို့ ပွားများအားထုတ်မှုကို အားမထုတ်ဘဲ နေသော ရဟန်းအား “ငါ၏ စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်မူ ကောင်းလေစွ”ဟု ဤသို့ အလို ဖြစ်ပေါ်စေကာမူ ထိုသူ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ မလွတ်မြောက်နိုင်၊ ထိုအရာသည် အဘယ့်ကြောင့်နည်းဟူမူ—မပွားများသောကြောင့်ဟု ဆိုရမည်။ အဘယ်ကို မပွားများသောကြောင့်နည်း၊ သတိပဋ္ဌာန်လေးမျိုးတို့ကိုမပွားများသောကြောင့်၊ သမ္မပ္ပဓာန်လေးမျိုးတို့ကို မပွားများသောကြောင့်၊ ဣဒ္ဓိပါဒ်လေးမျိုးတို့ကို မပွားများသောကြောင့်၊ ဣန္ဒြေငါးမျိုးတို့ကို မပွားများသောကြောင့်၊ ဗိုလ်ငါးမျိုးတို့ကို မပွားများသောကြောင့်၊ ဗောဇ္ဈင်ခုနစ်မျိုးတို့ကို မပွားများသောကြောင့်၊ အင်္ဂါရှစ်မျိုးရှိသော အရိယမဂ်ကို မပွားများသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ဥတို့သည် ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ ဆယ့်နှစ်လုံးသော်လည်းကောင်း ရှိကုန်ရာ၏။ ထိုဥတို့ကို ကြက်မသည် ကောင်းစွာ မဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ မပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) မထုံစေအပ်ကုန်၊ ထိုကြက်မအား “ငါ၏ ကြက်ကလေးတို့သည် ခြေသည်းဖျားဖြင့် ဖြစ်စေ၊ နှုတ်သီးဖျားဖြင့် ဖြစ်စေ ဥခွံကို ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာကြမူ ကောင်းလေစွ”ဟု ဤသို့ အလို ဖြစ်ပေါ် စေကာမူ ထိုကြက်ကလေးတို့သည် ခြေသည်းဖျားဖြင့် ဖြစ်စေ၊ နှုတ်သီးဖျားဖြင့်ဖြစ်စေ ဥခွံကို ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာရန် မထိုက်ကုန်သည်သာတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ— ရဟန်းတို့ ရှစ်လုံး ဆယ်လုံး ဆယ့်နှစ်လုံးသော ဥတို့ရှိသော်လည်း ကြက်မသည် ထိုဥတို့ကို ကောင်းစွာ မဝပ်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ မပေး၊ ့ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) မထုံစေသောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ပွားများ အားထုတ်မှုကို အားမထုတ်ဘဲ နေသော ရဟန်းအား “ငါ၏ စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်မူ ကောင်းလေစွ”ဟု ဤအလို ဖြစ်ပေါ်စေကာမူ ထိုသူ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ မလွတ်မြောက်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ—မပွားများသောကြောင့်ဟု ဆိုရမည်။ အဘယ်ကို မပွားများသောကြောင့်နည်း၊ သတိပဋ္ဌာန်လေးမျိုးတို့ကိုမပွားများသောကြောင့်။ပ။ အင်္ဂါရှစ်မျိုးရှိသော အရိယမဂ်ကို မပွားများသောကြောင့်တည်း။

ရဟန်းတို့ ပွားများအားထုတ်မှုကို အားထုတ်၍ နေသော ရဟန်းအား “ငါ၏ စိတ်သည် မစွဲလမ်း မူ၍ အာသဝေါတို့မှ လွတ်မြောက်မူ ကောင်းလေစွ”ဟု ဤသို့ အလို မဖြစ်ပေါ်စေကာမူ ထိုသူ၏ စိတ်သည်မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ပွားများပြီးဖြစ်သောကြောင့်ဟု ဆိုရမည်။ အဘယ်ကို ပွားများပြီးဖြစ်သနည်း၊ သတိပဋ္ဌာန်လေးမျိုးတို့ကို ပွားများပြီးဖြစ်သောကြောင့်၊ သမ္မပ္ပဓာန်လေးမျိုးတို့ကို ပွားများပြီးဖြစ်သောကြောင့်၊ ဣဒ္ဓိပါဒ်လေးမျိုးတို့ကို ပွားများပြီး ဖြစ်သောကြောင့်၊ ဣန္ဒြေငါးမျိုးတို့ကို ပွားများပြီး ဖြစ်သောကြောင့်၊ ဗိုလ်ငါးမျိုးတို့ကို ပွားများပြီးဖြစ်သောကြောင့်၊ ဗောဇ္ဈင်ခုနစ်မျိုးတို့ကို ပွားများပြီး ဖြစ်သောကြောင့်၊ အင်္ဂါရှစ်မျိုးရှိသော အရိယမဂ်ကိုပွားများပြီး ဖြစ်သောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ဥတို့သည် ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ ဆယ့်နှစ်လုံးသော်လည်းကောင်း ရှိကုန်ရာ၏။ ထိုဥတို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေ အပ်ကုန်၏၊ ထိုကြက်မအား “ငါ၏ ကြက်ကလေးတို့သည် ခြေသည်းဖျားဖြင့် ဖြစ်စေ၊ နှုတ်သီးဖျားဖြင့် ဖြစ်စေ ဥခွံကို ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာကြမူ ကောင်းလေစွ”ဟု ဤသို့ အလို မဖြစ် ပေါ်စေကာမူ ထိုကြက်ကလေးတို့သည် ခြေသည်းဖျားဖြင့် ဖြစ်စေ၊ နှုတ်သီးဖျားဖြင့်ဖြစ်စေ ဥခွံကို ဖောက် ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာရန် ထိုက်ကုန်သည်သာတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့် နည်းဟူမူ—ရဟန်းတို့ ရှစ်လုံး ဆယ်လုံး ဆယ့်နှစ်လုံးသော ဥတို့ကိုကောင်းစွာ ဝပ်အပ်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ ပေးအပ်၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ပွားများအားထုတ်မှုကို အားထုတ်၍ နေသော ရဟန်းအား “ငါ၏ စိတ်သည်မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်မူ ကောင်းလေစွ”ဟု ဤသို့ အလို မဖြစ်ပေါ်စေကာမူ ထိုသူ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ—ပွားများပြီး ဖြစ်သောကြောင့်ဟု ဆိုရမည်။ အဘယ်ကို ပွားများပြီး ဖြစ်သောကြောင့်နည်းဟူမူ—သတိပဋ္ဌာန်လေးမျိုးတို့ကို ပွားများပြီး ဖြစ်သောကြောင့်။ပ။ အင်္ဂါရှစ်မျိုးရှိသော အရိယမဂ်ကို ပွားများပြီး ဖြစ်သောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား လက်သမားဆရာ၏ဖြစ်စေ၊ လက်သမားဆရာ့တပည့်၏ဖြစ်စေ ပဲခွပ်ရိုးဆုပ်ကိုင်ရာကို ကြည့်လျှင် လက်ချောင်းရာတို့နှင့် လက်မရာတို့သည် ထင်ကုန်၏။ ထိုသူအား “ငါ၏ပဲခွပ်ရိုးကို ဆုပ်ကိုင်ရာ၌ ယနေ့ ဤမျှလောက် ကုန်ပြီ၊ နက်ဖြန် ဤမျှလောက် ကုန်လတ္တံ့၊ နောက်နေ့တို့၌ ဤမျှလောက် ကုန်လတ္တံ့ “ဟု ဤသို့ အသိဉာဏ် မဖြစ်။ ရဟန်းတို့ ဤအတူပွားများအားထုတ်မှုကို အားထုတ်၍ နေသော ရဟန်းအား “ငါ့အား အာသဝေါတို့ ယနေ့ ဤမျှလောက်ကုန်ပြီ၊ နက်ဖြန် ဤမျှ လောက် ကုန်လတ္တံ့၊ နောက်နေ့တို့၌ ဤမျှလောက် ကုန်လတ္တံ့ “ဟု ဤအသိဉာဏ်မျိုးကား မဖြစ်။ စင်စစ် ထိုသူအား “ကုန်သောအခါ ကုန်ပြီ”ဟုသာ အသိဉာဏ် ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား ကြိမ်အဖွဲ့ဖြင့် ဖွဲ့ထားသော သမုဒ္ဒရာကူးလှေကို မိုးလတို့ပတ်လုံး ရေ၌ ့ကုန်စေပြီးနောက် ဆောင်းအခါ ကုန်းပေါ်သို့ တင်ထား၏၊ ကြိမ်အဖွဲ့တို့ကို လေပူနေပူတို့နှိပ်စက်အပ်ကုန်၏၊ ကြိမ်အဖွဲ့တို့သည် မိုးအခါ မိုးရွာအပ်သည် ရှိသော် မိုးရေ စိုစွတ်ကုန်၍ လွယ်လွယ်ကူကူပင် ချုပ်ငြိမ်းကုန်၏၊ ဆွေးမြေ့ကုန်၏။ ရဟန်းတို့ ဤအတူ ပွားများအားထုတ်မှုကိုအားထုတ်၍ နေသော ရဟန်းအား အနှောင်အဖွဲ့ သံယောဇဉ်တို့သည် လွယ်လွယ် ကူကူပင်ချုပ်ငြိမ်းကုန်၏၊ ဆွေးမြေ့ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။