သံယုတ္တနိကာယ်—၂၂
(၁၂) ၂—ဓမ္မကထိကဝဂ်
၁၁—သုတဝန္တသုတ်
၁၂၃။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညချမ်းအခါ့တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။
ငါ့သျှင်သာရိပုတြာ အကြားအမြင်ရှိသော ရဟန်းသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်းဟု ဤစကားကို ပြောဆို၏။
ငါ့သျှင်ကောဋ္ဌိက အကြားအမြင်ရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာတို့တည်း။ ငါ့သျှင်ကောဋ္ဌိက အကြားအမြင်ရှိသော ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရမရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင်အကြား အမြင်ရှိသော ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့် အားဖြင့် နှလုံးသွင်းသည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည်ရှိ၏။
ငါ့သျှင်သာရိပုတြာ သောတာပန်ရဟန်းသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။
ငါ့သျှင်ကောဋ္ဌိက သောတာပန်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏၊ ငါ့သျှင် သောတာပန်ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော်သကဒါ ဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။ပ။ အနာဂါမိဖိုလ်ကို။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။
ငါ့သျှင်သာရိပုတြာ ရဟန္တာသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်းဟု (လျှောက်၏)။
ငါ့သျှင်ကောဋ္ဌိက ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါ ဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။
ငါ့သျှင် ရဟန္တာအား တစ်စုံတစ်ခုသော ရဟန်းကိစ္စ နောက်ထပ်ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသောတရားကိုလည်း ထပ်၍ ပွားများဖွယ် မရှိတော့ပြီ၊ စင်စစ်သော်ကား ဤတရားတို့ကို ပွားများအပ်ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည် ရှိသော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းအကျိုးငှါလည်းကောင်း၊ သတိ, သမ္ပဇဉ်အလို့ငှါလည်းကောင်း ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။