သံယုတ္တနိကာယ်—၂၂

(၁၅) ၅—ဒိဋ္ဌိဝဂ်

၈—အဘိနိဝေသသုတ်

၁၅၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်းကြောင်း အနှောင်အဖွဲ့တို့ ဖြစ်ပေါ်ကုန်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်းကြောင်းအနှောင် အဖွဲ့တို့ ဖြစ်ပေါ်ကုန်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင်ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်းကြောင်းအနှောင်အဖွဲ့တို့ ဖြစ်ပေါ်ကုန်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော။ပ။ ထိုဝိညာဏ်ကို အစွဲ မပြုလျှင် နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်း ကြောင်းအနှောင်အဖွဲ့တို့ ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ်နိုင်ရာပါ အသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။