သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၉—အာဒိတ္တသုတ်

၆၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် ပြောင်ပြောင် တောက်လောင်၏၊ ဝေဒနာသည် ပြောင်ပြောင် တောက်လောင်၏၊ သညာသည် ပြောင်ပြောင် တောက်လောင်၏၊ သင်္ခါရတို့သည် ပြောင်ပြောင့်တောက်လောင်ကုန်၏၊ ဝိညာဏ်သည် ပြောင်ပြောင် တောက်လောင်၏။ ရဟန်းတို့ ဤသို့ မြင်သောအကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာ မှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟုသိ၏ဟု (မိန့် တော်မူ၏)။

နဝမသုတ်။