သံယုတ္တနိကာယ်—၂၄
၁—သောတာပတ္တိဝဂ်
၁ဝ—အသဿတဒိဋ္ဌိသုတ်
၂၁၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “လောကသည် မမြဲ”ဟု ဤသို့သော အယူသည် ဖြစ်သနည်း။
အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ ။ပ။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဝိညာဏ်ကို အစွဲ မပြုခဲ့လျှင် “လောကသည် မမြဲ”ဟု ဤသို့သောအယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။
မြင်အပ်သော အရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ သိအပ်သော အရာ၊ ရောက်အပ်သော အရာ၊ ရှာအပ်သော အရာ၊ စိတ်ဖြင့် တွေးဆအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဤတရားကို အစွဲ မပြုခဲ့လျှင် “လောကသည် မမြဲ”ဟု ဤသို့သောအယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ပ။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသာ သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။