သံယုတ္တနိကာယ်—၂၄

၂—ဒုတိယဂမနဝဂ်

၂၆—အဒုက္ခမသုခီသုတ်

၂၄၉။ အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ဟု။ပ။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကိုအစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏”ဟူသော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကိုအစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ ဟူသော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏”ဟူသော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်၏။ ဝေဒနာသည်။ သညာသည်။

သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘော ရှိသော ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူ သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို စွဲလမ်း၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “အတ္တသည်ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဗ္ဗီသတိမသုတ်။

ဒုတိယပေယျာလ ပြီး၏။