သံယုတ္တနိကာယ်—၃၅
(၁၂) ၂—လောကကာမဂုဏဝဂ်
၁ဝ—ဥပါဒါနိယဓမ္မသုတ်
၁၂၃။ ရဟန်းတို့ စွဲလမ်းကြောင်းတရားတို့ကိုလည်းကောင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းကြောင်းတရားတို့ကား အဘယ်တို့နည်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ တရားကား အဘယ်နည်း။
ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်း ‘ရူပါရုံ’ တို့သည် ရှိကုန်၏။ ရဟန်းတို့ ဤအဆင်း ‘ရူပါရုံ’ တို့ကို စွဲလမ်းကြောင်းတရားတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုအဆင်း ‘ရူပါရုံ’ တို့၌ လိုချင်စွဲမက်မှုသည် ထိုအဆင်းတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရားမည်၏။ပ။
ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာ ‘ရသာရုံ’တို့သည် ရှိကုန်၏။ပ။ ရဟန်းတို့အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမ နှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရား ‘ဓမ္မာရုံ’ တို့သည် ရှိကုန်၏။ ရဟန်းတို့ ဤသဘောတရား ‘ဓမ္မာရုံ’ တို့ကိုစွဲလမ်းကြောင်းတရားတို့ဟူ၍ ဆိုအပ် ကုန်၏။ ထိုတရားတို့၌ လိုချင်စွဲမက်မှုသည် ထိုတရားတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ တရား မည်၏ဟု (မိန့်တော် မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် လောကကာမဂုဏဝဂ် ပြီး၏။