သံယုတ္တနိကာယ်—၃၅
(၁၅) ၅—နဝပုရာဏဝဂ်
၂—အနိစ္စနိဗ္ဗာနသပ္ပါယသုတ်
၁၄၇။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိသည် မမြဲဟု ရှု၏၊ အဆင်းတို့သည် မမြဲကုန်ဟုရှု၏၊ စက္ခုဝိညာဏ်သည် မမြဲဟု ရှု၏၊ စက္ခုသမ္ဖဿသည် မမြဲဟု ရှု၏၊ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟု ရှု၏။ပ။
လျှာသည် မမြဲဟု ရှု၏၊ အရသာတို့သည် မမြဲကုန်ဟု ရှု၏၊ ဇိဝှါဝိညာဏ်သည် မမြဲဟု ရှု၏၊ ဇိဝှါသမ္ဖဿသည် မမြဲဟု ရှု၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟု ရှု၏။ပ။
စိတ်သည် မမြဲဟု ရှု၏၊ သဘောတရားတို့သည် မမြဲကုန်ဟု ရှု၏၊ မနောဝိဉာဏ်သည် မမြဲဟု ရှု၏၊ မနောသမ္ဖဿသည် မမြဲဟု ရှု၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲဟု ရှု၏။ ရဟန်းတို့ ဤသို့လျှင် နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။